တာချီလိတ်ရွှေတိဂုံစေတီမှာ လုယက်သူ တစ်ဦးကို ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီး

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီမှာ ဆိုင်ကယ်ခိုးမှုများနဲ့ လုယက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေရာမှာ အခုအခါမှာတော့ လုယက်သူ တစ်ဦးကို အနီးဝန်းကျင်နေ ပြည်သူများ စုပေါင်းဖမ်းဆီးလိုက်နိုင်ကြောင်း သိရပါတယ်။

တာချီလိတ်ရွှေတိဂုံစေတီမှာ ၂၀၂၃ခုနှစ် ဧပြီလ(၈)ရက်နေ့ ည(၉)နာရီကျော်အချိန်က အမျိုးသမီးတစ်ဦးထံက ပိုက်ဆံအိတ်လုယက်မှု ဖြစ်ပွားလို့ အနီးဝန်းကျင်နေသူများက ဝိုင်းဝန်းဖမ်းဆီးတဲ့အခါမှာ လုယက်တဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။

တာချီလိတ်ရွှေတိဂုံစေတီမှာ ဘုရားလာဖူးသူတွေရဲ့ ဆိုင်ကယ် ခိုးခံရတာတွေ၊ ပိုက်ဆံ အိတ်နဲ့ဖုန်း လုယက်ခံရတာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိနေတဲ့အတွက် တာချီလိတ်ရွှေတိဂုံစေတီရဲ့ ဂေါပကအဖွဲ့အနေနဲ့လည်း ရွှေတိဂုံစေတီဝန်းကျင်မှာ ဒုစရိုက်မှုတွေ မရှိရေးအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒေသခံများက အကြံပြုပြောဆိုထားပါတယ်။

တာချီလိတ်မြို့မှာ အရင်ကထက် အခုဆိုရင် ခိုးဆိုးလုယက်မှုတွေ နေ့ရော ညပါ နေ့စဉ် နီးပါး ဖြစ်ပွားနေပေမဲ့ ဒါတွေကို တားဆီးပေးနိုင်သူ မရှိလို့ ဒေသခံများဟာ ကိုယ့်ကိုကိုယ်သာ အားကိုးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။