တာချီလိတ်မြို့တွင် နေအိမ်၌ တစ်ဦးတည်းနေသည့်  အမျိုးသမီးတစ်ဦးကို လူတစ်စုက ကြိုးများဖြင့် တုပ်ကာ ဓါးပြတိုက် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံရွာသစ်တွင် လူတစ်စုမှ နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးကို ကြိုးဖြင့်တုပ်ကာ ရွှေငွေပစ္စည်းများ ဆောင်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က အမည်မသိ အမျိုးသား(၃)ဦးမှ(၄)ဦးတို့သည် ကားဖြင့် နေအိမ်သို့ ရောက်ရှိလာပြီး နေအိမ်တွင် တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးအား ခြေလက်များကို ကြိုးဖြင့်တုပ်ပြီး နေအိမ်အတွင်း ရွှေငွေ ပစ္စည်းများအပြင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်က အစ ယူသွားသည်ဟု သိရသည်။

"သူက အိမ်မှာ တစ်ယောက်တည်းနေတာ။ သားသမီးတွေက အိမ်မှာမရှိဘူး။ သူ့ကို ကြိုးတွေနဲ့ တုပ်ပြီး ရွှေတွေ ငွေတွေ ယူသွားတာ။ အိမ်ထောင်စုစာရင်းတောင် ပါသွားတယ်"ဟု ဒေသခံ တစ်ဦးက TachileikNewsAgency သို့ ပြောသည်။

တာချီလိတ်မြို့၏ အောက်တိုဘာလအတွင်း ယခုလို အကြမ်းဖက် ဓါးပြတိုက်မှုမှာ ပထမအကြိမ်အဖြစ် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း မြရွှေစင် ငွေလဲလုပ်ငန်းတွင် ဖြစ်ပွားခဲ့သလို ယခု အောက်တိုဘာလ(၂၀)ရက်နေ့တွင်လည်း  မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံရွာသစ်တွင် ဒုတိယအကြိမ်အဖြစ် ဖြစ်ပွားခဲ့သော်လည်း ဖမ်းဆီးဖော်ထုတ်ရမိနိုင်ခြင်း မရှိကြောင်း သိရသည်။

ဗီဒီယိုအညွှန်း - ဓါးပြတိုက်ခံရသည့် နေအိမ်တွင် ဖြစ်ပွားခဲ့မှုအခြေအနေအား ရှမ်းဘာသာစကားဖြင့် ပြောပြနေစဉ်