ကန့်ဘလူတွင် အာဏာသိမ်းစစ်အုပ်စုက ဒေသခံနှစ်ဦးကို မီးရှို့သတ်ဖြတ်၊ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖမ်းဆီးခေါ်ဆောင်သွား

Photo: ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
Photo: ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
ကန့်ဘလူတွင် အာဏာသိမ်းစစ်အုပ်စုက ဒေသခံနှစ်ဦးကို မီးရှို့သတ်ဖြတ်၊ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖမ်းဆီးခေါ်ဆောင်သွား

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် စစ်ကြောင်းထိုးနေသည့် အာဏာ သိမ်းစစ်အုပ်စုက စစ်ဘေးရှောင်ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ အမျိုးသမီးများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၇)ရက်နေ့က စစ်အုပ်စု၏ ခြေမြန်တပ်ရင်း (၃၆၈)နှင့် ပျူစောထီးများသည် ကိုင်းရိုးရွာအနီးရှိတောအတွင်း စစ်ရှောင်နေသော အသက် (၂၂)နှစ်နှင့် (၃၂)နှစ်အရွယ် ဒေသခံနှစ်ဦးကို ၎င်းတို့စီးလာသည့် ဆိုင်ကယ်နှစ်စီးနှင့်အတူ ထွန်စက်ပေါ်တင်၍  မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းစစ်အုပ်စု၏ စစ်ကြောင်းသည် အင်းလယ်ကြီးရွာမှ အသက်မပြည့်သေးသည့် အသက်(၁၅)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်(၂၀)ကျော် အမျိုးသမီးတစ်ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 အာဏာသိမ်းစစ်အုပ်စု၏ တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်  ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ အင်းလယ်ကြီး၊ သရက်တာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ မဲသည်၊ ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ ရွာသစ်၊ ဉာဏ်အင်း၊ ထိန်တော၊ သပြေသာ၊ ဗိုလ်ကုန်း၊ ရှမ်းတပ်၊ မန်ကျီးကုန်း၊ ဆူးတပ်၊ ဆင်နင်းနှင့် ဖုတ်ကုန်းရွာ စုစုပေါင်းရွာ (၁၈)ရွာမှ ပြည်သူ ၁၅,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

၎င်း ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးစစ်ကြောင်းသည်  ဖေဖော်ဝါရီ (၁၁)ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာအား အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး ထွက်လာကာ ကန့်ဘလူမြို့နယ် အင်ကြင်းစုရွာ၌ညအိပ်ပြီးနောက်  အင်းလယ်ကြီးဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာ‌ခြင်းဖြစ်သည်။

#TachileikNewsAgency