အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  အာဏာသိမ်းကာလ သက်တမ်း(၆)လ ထပ်တိုး

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  အာဏာသိမ်းကာလ သက်တမ်း(၆)လ ထပ်တိုး
ဖေဖော်ဝါရီ 1, 2023 | 2021 Military Coup

 အရပ်သားအစိုးရကို ဖမ်းဆီးပြီး အာဏာသိမ်းကာ ကိုယ့်ကိုကိုယ် ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့အာဏာထိန်းသည်ဟုဆိုကာ နောက်ထပ်(၆)လ သက်တမ်း ထပ်တိုးလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့၏ ညနေပိုင်းတွင် ထုတ်ပြန်ကြေညာလာသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် NLD အရပ်သားအစိုးရကို ဖမ်းဆီးပြီးနောက် အာဏာသိမ်းလိုက်သည်မှာ ယနေ့ဆိုလျှင် (၂)နှစ်တိတိ ပြည့်ပြီဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အကြောင်းပြချက် အမျိုးမျိုးပြကာ  ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အာဏာသိမ်းယူလိုက်ပြီး အာဏာထိန်းမည်ဟုဆိုကာ အာဏာသိမ်းကာလ (၁)နှစ်ပြည့်ပြီးနောက် ပထမအကြိမ် သက်တမ်း(၆)လ တိုးခြင်းအဖြစ်   ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က လည်းကောင်း၊ ဒုတိယအကြိမ် သက်တမ်း(၆)လ တိုးခြင်းအဖြစ် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် လည်းကောင်း သက်တမ်းစုစုပေါင်း (၂)နှစ်တိတိ သတ်မှတ်ခဲ့ပြီးနောက် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သက်တမ်း (၆)လ ထပ်တိုးလိုက်ခြင်းဖြစ်သည်။

ယခုလို သက်တမ်းတိုးခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ရရှိထားသော စာရင်းများအရ အာဏာသိမ်းခံထားရသည့် ကာလအတွင်း၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းနှင့်ပြည်နယ်များ၌ လူဦးရေ (၁၈၀၀၀)နီးပါးကို ဖမ်းဆီးခဲ့သလို လူပေါင်း (၃၀၀၀)ဝန်းကျင်လည်း အာဏာသိမ်းစစ်အုပ်စု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသည့် (၁၈၀၀၀)နီးပါးတွင် ကလေး(၅၀၀)နီးပါး ပါဝင်ကြောင်းလည်း သိရသည်။

စစ်အာဏာရှင်များ အလိုကျ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အား အရေးပေါ်ကာလအဖြစ် (၂)နှစ် အထိကြေညာနိုင်ပြီး ကနဦးတွင် သက်တမ်း(၁)နှစ်သတ်မှတ်ပြီးနောက် (၆)လ သက်တမ်း (၂)ကြိမ်ထိ သက်တမ်းတိုးနိုင်သည်ဟု ရေးဆွဲထားသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းအလိုကျ လုပ်ဆောင်နေခြင်း ဖြစ်သည်။