တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်း (၂)ကြိမ် မိုင်းခွဲခံရပြီး ကားတစ်စီးပျက်စီးကာ သေဆုံးသူရှိ 

တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်း (၂)ကြိမ် မိုင်းခွဲခံရပြီး ကားတစ်စီးပျက်စီးကာ သေဆုံးသူရှိ 

 မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းအား ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့၏ နံနက်ပိုင်းက နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

တကောင်းတိုက်နယ်အတွင်း (၄)မိုင်ရွာ နှင့် (၆)မိုင်ရွာကြားတွင် အင်းနက်မှ ထွက်လာသော စစ်ကောင်စီတပ်၏ ( ၁၂ )ဘီးကား(၂)စီးအား မိုင်း (၃)လုံးဖြင့် နံနက် ( ၅ )နာရီကျော်တွင် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ရာ ကားနောက်ပိုင်း ထိမှန်သွားသဖြင့် စစ်ကောင်စီတပ်သားများ ‌ကားပေါ်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ၎င်းကား( ၂ ) စီးအား နောင်လုံသံတံတားအနီးတွင် နံနက် ( ၅ ) နာရီကျော်တွင်ပင် မိုင်း ( ၃ )လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ ရှေ့ဆုံးကားခေါင်းခြမ်းကားထိမှန်ပြီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး သူရှိနိုင်ပြီး တကောင်းမြို့တွင်းမှ နာရေးကား ( ၃ )စီးဖြင့် လာရောက်‌ သယ်ဆောင်သွားသည်ဟု တကောင်း PDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှု ဖြစ်ပွားရာနေရာတလျှောက် ပြည်သူများအနေနှင့်မသွားကြရန်၊ ထုတ်ပြန်ချက် စည်းကမ်းချက်များအား လိုက်နာပေးရန်နှင့် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက တကောင်း ပကဖ အနေနှင့် လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။