အရည်အချင်းပြည့်မီသူများအား အစိုးရအဖြစ် စီမံအုပ်ချုပ်ခွင့်ပေးရန် အင်ဒိုနီးရှားက မြန်မာစစ်အုပ်စုကို ပြောကြား

အရည်အချင်းပြည့်မီသူများအား အစိုးရအဖြစ် စီမံအုပ်ချုပ်ခွင့်ပေးရန် အင်ဒိုနီးရှားက မြန်မာစစ်အုပ်စုကို ပြောကြား
ဇန်နဝါရီ 19, 2023 | 2021 Military Coup| အခြားဒေသများ

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စုအနေဖြင့် နောက်ပြန်ဆုတ်ပြီး အရည်အချင်းပြည့်မီသော ခေါင်းဆောင်များအား နိုင်ငံကို အုပ်ချုပ်ခွင့်ပေးရန်အတွက် စဥ်းစားရန် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးတန်း ဝန်ကြီးတစ်ဦးက တိုက်တွန်းပြောဆိုလိုက်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့် ပိုမိုဆိုးရွားလာသည့် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ထိုးကျနေသည်။

အင်ဒိုနီးရှားတွင် စစ်တပ်က လွန်ခဲ့သည့် ဆယ်စုနှစ်များက အစိုးရ၏ ကဏ္ဍအားလုံးကို ထိန်းချုပ်ထားခဲ့ရာမှ နောက်ပြန်ဆုတ်ခဲ့မှုကို မြန်မာစစ်အုပ်စုအနေဖြင့် နမူနာယူပြီး လုပ်ဆောင်သင့်ကြောင်း အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သည့် ရေကြောင်းသွားလာမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Luhut Panjaitan က ပြောကြားလိုက်သည်။

"အစိုးရအဖြစ် လုပ်နေကြတဲ့ စစ်တပ်တွေ အများအကြီးရှိပါတယ်။ ဒါပေမဲ့ ခင်ဗျား အရည်အချင်းမပြည့်မီရင် ခင်ဗျားက ဘာကြောင့် သမ္မတဖြစ်သင့်သလဲ?" ဟု အင်ဒိုနီးရှားဝန်ကြီး Luhut က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum ၏ ဆွေးနွေးပွဲတစ်ခုအတွင်း ထောက်ပြခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏသိမ်းခေါင်းဆောင်အဖြစ်မှ ကိုယ့်ကိုယ်ကိုယ် ဝန်ကြီးချုပ်အဖြစ် ပြန်ခန့်အပ်ထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပတ်သက်၍ ဝန်ကြီး Luhut က မှတ်ချက်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံကို အရည်အချင်းပြည့်မီသူ တစ်ယောက်ယောက်ကို စီမံခန့်ခွဲပါစေ။ အင်ဒိုနီးရှားမှာလိုပေါ့" ဟု ဝန်ကြီး Luhut က ပြောသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၉၈ ခုနှစ်က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဆူဟာတိုက သမ္မတရာထူးမှ ဆင်းသွားခဲ့ပြီးနောက် ဒီမိုကရေစီ ပြန်လည်ရရှိခဲ့သည်။ 

ဆူဟာတိုက အင်ဒိုနီးရှား၏ ပထမဆုံး သမ္မတထံမှ ၁၉၆၆ ခုနှစ်တွင် အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

ဆူဟာတိုက အင်ဒိုနီးရှားကို ဆယ်စုနှစ် (၃) ခုကျော်ကြာ အာဏာရှင်အစိုးရတစ်ရပ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သည်။

၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် အင်ဒိုနီးရှားက အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသည့်  မြန်မာစစ်အုပ်စုကို တာဝန်ယူမှု ရှိစေရန် ရှေ့ဆုံးမှ ပြောဆိုဦးဆောင်နေသည်။ 

မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်များကို အာဆီယံ ထိပ်သီးအစည်းအ‌ဝေးများသာမက အခမ်းအနားနှင့် အစည်းအဝေး အားလုံးတွင် ပါဝင်တက်ရောက်ခွင့်မပြုရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၂၀၂၂ ခုနှစ်အတွင်း အာဆီယံခေါင်းဆောင်များကို အဆိုပြုခဲ့သည်။

Source: Bloomberg