ဂေါက်ကွင်းဘေး၌ ဖွင့်ပေးထားသည့် တာချီလိတ်ညဈေးတွင် ဈေးသည်များ ဂေါက်သီးထိမှန်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ဂေါက်ကွင်းဘေး၌ ဖွင့်ပေးထားသည့် တာချီလိတ်ညဈေးတွင် ဈေးသည်များ ဂေါက်သီးထိမှန်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရီဂျီးနားဂေါက်ကွင်းဟုသာ လူသိများသည့် မဟာရွှေတြိဂံဂေါက်ကွင်းဘေးတွင် စည်ပင်နှင့်ပုဂ္ဂလိက ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်ထားသည့် တာချီလိတ်ညဈေးတွင် ဈေးရောင်းသည့် ဈေးသည်များ ဂေါက်သီးအန္တရာယ်ကို (၆)ကြိမ်မြောက် တိတိ ကြုံတွေ့ရင်ဆိုင်လိုက်ရကြောင်း သိရသည်။ 

(၆)ကြိမ်မြောက် ဂေါက်သီးထိမှန်မှုအနေဖြင့် ၂၀၂၅ခုနှစ် မတ်လ(၁၃)ရက်နေ့ ညနေပိုင်းက ဖြစ်ပြီး အမျိုးသမီးတစ်ဦး၏ ခြေထောက်ကို ထိမှန်သည်ဟု သိရသည်။

"ဂေါက်သီးကျလာတာ ဒါနဲ့ဆိုရင် (၆)ကြိမ်ရှိပြီ။ ဒီတစ်ခါ တော်တော်လေး အားပြင်းတယ်။ ခေါင်းထိရင် အကွဲပဲ။ ဈေးသည် အန်တီကြီးတစ်ယောက် ခြေထောက်ထိတာ။ ဈေးက ရောင်းမကောင်းပါဘူးဆို ဂေါက်သီး အန္တရာယ်ကိုပါ  စိုးရိမ်နေရတယ်။"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ မတ်လ(၁၄)ရက်နေ့တွင် ပြောသည်။

ဂေါက်သီးထိမှန်သည့် (၆)ကြိမ်ထဲတွင် အမျိုးသမီးတစ်ဦး ခါးထိမှန်သည့် ဖြစ်စဉ်ရှိခဲ့သလို ယခု အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း ဂေါက်ကွင်းဘက်က တာဝန်ယူမှု တာဝန်ခံမှုအနေဖြင့် မည်သို့မှ လုပ်ဆောင်ပေးခြင်းမရှိဘဲ ဥပက္ခာပြုထားသည်ဟု သိရသည်။

ညဈေးသည် ဂေါက်ကွင်းသွားရာ လမ်းဘေးတလျှောက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည့်အတွက် ဂေါက်ကွင်းကနေ ဂေါက်သီးသမားများ၏ ရိုက်ချက်ကြောင့် ဂေါက်သီးထိမှန်မှုများရှိသည့်အပြင် ဂေါက်ကွင်းကနေ မြွေထွက်လာသည့် ဖြစ်စဉ်များရှိကြောင်းလည်း သိရသည်။

တာချီလိတ်ညဈေးအား ဖွင့်လှစ်ထားသည်မှာ (၁)လပြည့်ပြီ ဖြစ်ပြီး (၁)လတာ ကာလအတွင်း စည်ပင်နှင့်ပုဂ္ဂလိက ကုမ္ပဏီတို့၏ ကောင်းမှုကြောင့် အရင်းပြုတ်သည့် ဈေးသည်များရှိလာသလို ဈေးလာမရောင်းနိုင်သည့် ဈေးသည်များပါရှိနေပြီး ဈေးကောက်သာပေးရပြီး ဈေးမရောင်းရဘဲ ပြန်သွားကြရသည့် ဈေးသည်အများအပြားရှိနေသည်ဟုလည်း ဈေးသည်များ ပြောပြချက်အရ သိရသည်။