အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိုးမဲ့ အိမ်မဲ့ စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာများ၌ နေအိမ်ပေါင်း (၃၀၀)နီးပါးကို မီးရှို့ဖျက်ဆီး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိုးမဲ့ အိမ်မဲ့ စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာများ၌ နေအိမ်ပေါင်း (၃၀၀)နီးပါးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ကျေးရွာများ၌ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိုးမဲ့အိမ်မဲ့ စစ်တပ်က နေအိမ်ပေါင်း (၃၀၀)နီးပါက မီးရှို့ဖျက်ဆီးခဲ့ပြီး အသက်(၈၀)ကျော် အဖွားအို (၂)ဦးလည်း မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့်အတူ ၎င်းတို့၏ လက်ကိုင်တုတ်အဖွဲ့ဖြစ်သည့် ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့များသည် ဆာလင်းကြီးမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ  ကျေးရွာ(၄)ရွာသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ထန်းဇင်ကျေးရွာတွင် နေအိမ် (၂၄)အိမ်၊  ဆားထုံးရွာသစ်မှ နေအိမ်(၂၀၀)ကျော်၊ လက်ပံကျွန်းကျေးရွာတွင် နေအိမ်(၃၂)အိမ်၊ တောကျောင်းရွာတွင် နေအိမ်(၃၂)အိမ် စုစုပေါင်း နေအိမ်(၃၀၀)နီးပါ မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ဆားထုံးရွာသစ်၌ နေအိမ်များကို မီးရှို့မှုကြောင့် အသက်(၈၀)ကျော် အဖွားအို(၂)ဦးမှ ထွက်မပြေးနိုင်တော့၍ မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ နေအိမ်(၃၀၀)နီးပါးကို အာဏာသိမ်းစစ်တပ်နှင့်အဖွဲ့က ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ကနေ ဒီဇင်ဘာလ(၁)ရက်နေ့အထိ လှည့်လည်မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"စစ်သားတွေက ကိုယ်ပိုင်အိမ်နဲ့ မနေဖူးတဲ့ အိုးမဲ့ အိမ်မဲ့တွေလေ၊ သူတို့ဘဝက စစ်တန်းလျားမှာ ဘဝကို အဆုံးသတ်ပြီး စစ်တပ်က ထွက်လာရင်လည်း နေစရာမရှိ အိုးမဲ့အိမ်မဲ့တွေဆိုတော့ သူတို့တွေ ကိုယ်ချင်းစာတရားမရှိဘူး။ ရွာတွေမှာ အိမ်တစ်အိမ် ဖြစ်ဖို့ဆိုတာက မနည်းကြိုးစားရုန်းကန်ကြရတာ။ အခုဆို ဘာမှ ရစရာမရှိတော့ဘူး။ သူတို့တွေ လာပြီလို့ အသံကြားတာနဲ့ ထွက်ပြေးကြရတယ် မဟုတ်ရင် ညှင်းပန်းနှိပ်စက် မေးမြန်းတာနဲ့ သေမှာ"ဟု ဆားလင်းကြီး ဒေသခံတစ်ဦးက ပြောသည်။

ယခု အခါတွင် အာဏာသိမ်းစစ်တပ်နှင့်အဖွဲ့သည် ကျေးရွာများကနေ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

 

Photo: Aung Khant Zaw