မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ်တိုတွင် အာဏာသိမ်း စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ (၁၅)ရွာမှ ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေကြရကြောင်း ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)က စက်တင်ဘာလ (၂၇)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဝါဇီစက်ရုံနှင့် ကပစ ၂၂ လက်နက်စက်ရုံ (၂)အခုအကြားရှိ ကျေးရွာများဖြစ်ကြသော သံပရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျားပေ၊ ကျားကွဲ၊ ညောင် ဂွေးဝကျေး ရွာများ၊ ယောချောင်းတစ်ဖက်ကမ်း ပခုက္ကူမြို့နယ်မှ စိုင်ဖြူ၊ ရှားဒူးရွာ၊ တောင်ပါးလူ၊ အရှေ့ကမ်းဖြူ၊ ဥယျဥ်စု၊ ဒဲ့ပြား၊ စညောင်း၊ မြစ်ဖျား၊ လေးတိုင် စသည့်ကျေးရွာ (၁၅)ရွာကို စက်တင်ဘာလ (၁၆)ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုး လာသောကြောင့် ပြည်သူနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
ဒါ့အပြင် စစ်ကောင်စီတပ်များသည် အနောက်ကမ်းဖြူကျေးရွာမှ အသက် (၃၀)ဝန်းကျင်ရှိ ပြည်သူတစ်ဦးကို ရက်စက်စွာ ညဥ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟုလည်း သိရသည်။
နေရပ်စွန့်ခွာ စစ်ရှောင်လာကြရသည့် ပြည်သူများကို ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (NSP)မှ ကယ်ထုတ်ခဲ့ရပြီး ဘေးလွတ်ရာနေရာများသို့ ပို့ဆောင်ကာ စားနပ်ရိက္ခာ၊ ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကျေးရွာများတွင် ဒေသခံများကို PDF များဟု စွတ်စွဲသလို PDF များကို သတင်းပေးခြင်း ထောက်ပံ့ခြင်းများ ပြုလုပ်သူအဖြစ် စွတ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများမှာ ထွက်ပြေးနေကြရခြင်း ဖြစ်သည်။
မြေပြင်အခြေအနေမှန်များကို စစ်ကောင်စီတပ်၏ အထက်ပိုင်း အကြီးအကဲများက သိရှိနိုင်ခြင်းမရှိရန် စစ်ကြောင်းမှူးများက အဖြစ်မှန်များကို ဖုံးကွယ်ပြီး သတင်းလိမ်လည် တင်ပြခြင်းများ ပြုလုပ်လေ့ရှိကြောင်း နှင့် ကျေးရွာများတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများသည် PDF များကသာ မီးရှို့သည်ဟုသာ တင်ပြလေ့ရှိသည့် ဖြစ်စဉ်မှာ အများအပြားရှိခဲ့သည်ဟုလည်း သိရသည်။
#TachileikNewsAgency
Photo: ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့