ကရင်ပြည်နယ် လေးကေ့ကော်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းဖြစ်သော စွယ်တော်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်(၅)နာရီတွင် သိမ်းပိုက်ရရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
KNLA နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် တပ်မ(၄၄) ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ စခန်းမှထွက်ပြေးသွားကြပြီး ၁၂၀ မမ၊ ပွိုင့် 5 များအပါအဝင် လက်နက်အများအပြားနှင့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
"KNU တပ်မဟာ ၆ ထဲ နောက်ဆုံးလက်ကျန်စခန်းတွေထဲက အင်အားကြီးစခန်း ဗျူဟာစခန်းတစ်ခုပါ။ အနန်းကွင်းကုန်းလည်းပါတယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် စွယ်တော်ဗျူဟာကုန်းနှင့်အတူ အနန်းကွင်းကုန်းကိုလည်း တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ချအညံ့ခံသူများလည်းရှိကြောင်း သိရသည်။
"အဲဒီစခန်းနှစ်ခုကိုရရင် ကျန်တာက ဝေါလေဘက်က စခန်းငယ်တွေနဲ့ မြို့သိမ်းဖို့ပဲ ကျန်မှာပေါ့။ ဖာပွန်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ ဖာပွန်ဗျူဟာကျရင် သိမ်းနိုင်ပြီလို့ ပြောလို့ရတယ်။"ဟု ၎င်းကဆက်ပြောသည်။
အနန်းကွင်းဗျူဟာစခန်းကုန်းကို KNLA ၊ SOF နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo : Cobra Column 2 VENOM