ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်သည့် လက်နက်ကြီးကျည်မှာ AA နှင့် ARSA ပူးပေါင်း အဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း စကစ က ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်သည့် လက်နက်ကြီးကျည်မှာ AA နှင့် ARSA ပူးပေါင်း အဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း စကစ က ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ခေါ်ပြော
စက်တင်ဘာ 20, 2022 | အခြားဒေသများ

 စစ်ကောင်စီတပ်က ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းသည် AA နှင့် ARSA က ပူးပေါင်း ပစ်ခတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ပြောကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမစ္စတာ မန်ဂျူရူလ် ကရင်လ်ချောင်ဒရီကို စက်တင်ဘာလ (၁၉)ရက်က (ရန်ကုန်မြို့) နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံကာ ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံရာတွင် AA နှင့် ARSA ပူးပေါင်း၍ တောင်ပြိုဝဲရဲစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊ ၎င်းအဖွဲ့များသည် အလားတူ စက်တင်ဘာ (၁၆)ရက်နှင့် (၁၇)ရက်နေ့တို့တွင်လည်း BP-၃၄ အနီး တောင်ပြိုယာရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည် (၉)လုံးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို ကျရောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AA နှင့် ARSA အဖွဲတို့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ စက်တင်ဘာလ(၇)ရက်နေ့ ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီးဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က မြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့ကြောင်း ပြောဆိုခဲ့သည်။

"စစ်ကောင်စီဘက်က အခုလိုထုတ်ပြန်တာ ဟာသလို ပြောလိုရပါတယ်။ သူတို့ လုပ်သမျှ အပြစ်တိုင်းကို အမြဲတမ်းတာဝန်ယူမှု၊ တာဝန်ခံမှုမရှိဆိုတာကတော့ မြန်မာနိုင်ငံတင်မက နိုင်ငံတကာကလည်း သိနေပြီကိစ္စ ဖြစ်ပါတယ်။ ပြည်သူတွေကြားထဲမှာ ဝေဝေဝါးဝါးတွေ ဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေအတွက် စစ်ကောင်စီတပ်အနေနဲ့ နောက်ပိုင်းမှာတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရ ဖိုဖြစ်ပါတယ်။"ဟု AA ၏သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ လူသေဆုံးရသည့်ဖြစ်စဉ်ရှိခဲ့ပြီး စစ်ကောင်စီ ၏ လေယာဉ်များ အကြိမ်ကြိမ်ကျူးကျော်ခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီသံအမတ်ကို အကြိမ်ကြိမ်ခေါ်ယူသတိပေးခဲ့ သေးသည်။

#TachileikNewsAgency