ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့ရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို (၃)ရက်အတွင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ပလက်ဝမြို့ရှိ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိင့်(၃၇၇)စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
သိမ်းပိုက်ရယူထားသော စစ်ကောင်စီစခန်းကုန်းများမှ စစ်ကောင်စီတပ်သားအလောင်းများ၊ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကာ ပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသော စစ်ကောင်စီတပ်သားအလောင်းများစွာကို ကောင်းစွာ မြေမြှုပ်သင်္ဂြိုဟ်ပေးထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်များအား လိုက်လံချေမှုန်းနေပြီး လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: AA Info Desk