သီရိလင်္ကာတွင် နိုင်ငံခြားသုံးငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှု ကန့်သတ်ထားမည်

Photo: REUTERS
Photo: REUTERS
သီရိလင်္ကာတွင် နိုင်ငံခြားသုံးငွေပြတ်လပ်မှုကြောင့် လောင်စာဆီတင်သွင်းမှု ကန့်သတ်ထားမည်
ဇူလိုင် 26, 2022 | နိုင်ငံတကာသတင်း
By Mr John

သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြားသုံးငွေ အကြီးအကျယ်ပြတ်လပ်နေမှုကြောင့် လာမည့် (၁၂) လအတွင်း လောင်စာဆီတင်သွင်းမှုများကို ကန့်သတ်ထားမည်ဟု စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ (၂၅) ရက်နေ့တွင် ပြောသည်။ 

သမ္မတသစ် Ranil Wickremesinghe ဦးဆောင်သော သီရိလင်္ကာအစိုးရသစ်က စီးပွားရေးအကျပ်အတည်းကနေ ရုန်းထွက်ရန် နည်းလမ်းတစ်ခုရှာဖွေနေစဥ် လောင်စာဆီတင်သွင်းမှုများကို ကန့်သတ်လာခြင်းလည်း ဖြစ်သည်။

လူဦးရေ (၂၂) သန်းရှိ သီရိလင်္ကာတွင် အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားခြင်းနှင့် COVID-19 ကပ်ရောဂါ သက်ရောက်မှုတို့ကြောင့် နိုင်ငံခြားအရန်ငွေ ကုန်ခမ်းသွားခဲ့ပြီး လောင်စာဆီနှင့် ဆေးဝါးအပါအဝင် မရှိမဖြစ်အရာများ လနှင့်ချီကြာ ပြတ်လပ်မှုဖြစ်ပေါ်နေခဲ့သည်။ "နိုင်ငံခြားသုံးငွေ ပြဿနာများကြောင့် လာမယ့် (၁၂) လအတွင်း လောင်စာဆီတင်သွင်းမှုတွေ ကန့်သတ်ထားရမယ်" ဟု သီရိလင်္ကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး Kanchana Wijesekera က Twitter တွင် ပြောထားသည်။

သီရိလင်္ကာအစိုးရသစ်က ယခုသီတင်းပတ်အတွင်း လောင်စာဆီခွဲတမ်းစနစ်တစ်ခုကို အကောင်အထည်ဖော်သွားမည်ဟုလည်း ၎င်းက ဆိုသည်။ 

ထိုခွဲတမ်းစနစ်မှာ သမ္မတသစ် Wickremesinghe က အကျပ်အတည်းသက်ရောက်မှုကို လျှော့ချရန် ဆောင်ရွက်သွားမည့် ပထမခြေလှမ်းများအနက် တစ်ခုဖြစ်သည်။

အထွေထွေ အကျပ်အတည်းများအပေါ်  ပြည်သူလူထုက ဒေါသထွက်ခဲ့ပြီး ဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်နေခဲ့ရာမှ ဆန္ဒပြသူများက သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရအဆောက်အအုံများကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ Gotabaya Rajapaksa က ဇူလိုင်လ (၁၃) ရက်နေ့၌ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် Wickremesinghe က သမ္မတဖြစ်လာခဲ့သည်။

သီရိလင်္ကာတွင် လောင်စာဆီပြတ်လပ်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုကြောင့် တစ်လနီးပါးကြာ ပိတ်ထားခဲ့သည့် စာသင်ကျောင်းများကိုလည်း ဇူလိုင်လ (၂၅) ရက်နေ့က ပြန်ဖွင့်ခဲ့သော်လည်း အစိုးရဝန်ထမ်းများကိုမူ နောက်ထပ်တစ်လကြာ နေအိမ်ကနေ အလုပ်ဆက်လုပ်ကြရန် ညွှန်ကြားထားသည်။

သီရိလင်္ကာ၏ ဒုတိယအကြီးဆုံး လောင်စာဆီ လက်လီအရောင်းဆိုင်လုပ်ငန်း Lanka IOC က တန်ချိန် ၃၀,၀၀၀ စီခန့် ပါဝင်သော လောင်စာဆီသင်္ဘော (၂) စီး ဩဂုတ်လအတွင်း ဝင်ရောက်လာမည်ဟု ထိုလုပ်ငန်း၏ မန်နေဂျင်းဒါရိုက်တာ Manoj Gupta က ပြောသည်။ 

သီရိလင်္ကာက အမေရိကန်ဒေါ်လာ (၃) ဘီလီယံအထိ ဘဏ္ဍာရေးအကူအညီရရှိရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) နှင့် ဆွေးနွေးညှိနှိုင်းနေသည်။ ထို့အတူ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့်တရုတ် အပါအဝင် မဟာမိတ်များထံမှလည်း အကူအညီရရှိရန် ဆွေးနွေးနေသည်ဟု ဆိုသည်။

သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရသည်။ 

Source: Reuters