တောင်ကိုရီးယားတွင် ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် တရုတ်အများစု အပါအဝင် လူ (၂၂) ဦး သေဆုံး

တောင်ကိုရီးယားတွင် ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် တရုတ်အများစု အပါအဝင် လူ (၂၂) ဦး သေဆုံး
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇွန်လ (၂၄) ရက်နေ့က လီသီယမ် ဘက်ထရီ (lithium battery) စက်ရုံတစ်ရုံ၌ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ မီးလောင်မှု ဖြစ်ပွားခဲ့ရာ စက်ရုံအလုပ်သမား (၂၂) ဦး သေဆုံးခဲ့ကြောင်းနှင့် အများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း မီးသတ်အရာရှိများက ပြောသည်။ 

ဆိုးလ်မြို့တော်၏ အနောက်တောင်ဘက် မိနစ် (၉၀) ခန့် ခရီးအကွာအဝေးရှိ အဓိက စက်မှုဇုန်တစ်ခုဖြစ်သော Hwaseong စက်မှုဇုန်ရှိ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီ Aricell ၏ စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘက်ထရီစက်ရုံ မီးလောင်မှုကြောင့် သေဆုံးသူများအနက် တရုတ်အလုပ်သမား (၁၈) ဦးနှင့် လာအိုအလုပ်သမား တစ်ဦး ပါဝင်ကြောင်း သိရသည်။ 

ကျန်ရှိသည့် သေဆုံး အလုပ်သမားများမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း အတည်မပြုရသေးကြောင်း ဒေသခံ မီးသတ်အရာရှိ Kim Jin-young က ကုမ္ပဏီတာဝန်ရှိသူများထံမှ သတင်းအချက်အလက်ကို ကိုးကား၍ သတင်းထောက်များကို ပြောသည်။

ဘက်ထရီဆဲလ် (၃၅,၀၀၀) ခန့် သိုလှောင်ထားရှိသော စက်ရုံ၏ သိုလှောင်ရုံအတွင်း ဘက်ထရီဆဲလ်များ ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပြီးနောက် ၂၀၂၄ ခုနှစ် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၃၁) မိနစ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း Kim က ဆိုသည်။ 

မီးလောင်မှုအတွင်း ပြင်းထန် မီးလောင်ဒဏ်ရာရခဲ့သူ (၂) ဦးကို ဆေးကုသပေးနေကြောင်း အခင်းဖြစ်နေရာရှိ တာဝန်ရှိသူများက ဆိုသည်။ 



  အဆောက်အအုံ၏ အပေါ်ထပ်မှာ ပြိုကျနေပြီး ပေါက်ကွဲမှုကြောင့် အပျက်အစီးများ လမ်းမပေါ်သို့ လွင့်စင်ကျနေနေပြီး စက်ရုံ အဆောက်အအုံမှ ကြီးမားသော မီးခိုးလုံးကြီး ထွက်ပေါ်နေသည်ကိုလည်း ကောင်းကင်မှ ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ 

မီးလောင်မှုမှာ အလွန်လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့ဖွယ်ရှိပြီး အလုပ်သမားများ မလွတ်မြောက်နိုင်ခဲ့ကြောင်း Daejeon တက္ကသိုလ်မှ Fire and Disaster Prevention ပါမောက္ခ Kim Jae-ho က သုံးသပ်ခဲ့သည်။

"ဘက်ထရီမှာ ပါဝင်တဲ့ နီကယ် (nickel) လို ပစ္စည်းတွေက မီးလောင်လွယ်ပါတယ်။ ဒါကြောင့် အခြား ပစ္စည်းတွေကြောင့် ဖြစ်ပွားတဲ့ မီးလောင်မှုနဲ့ နှိုင်းယှဥ်ရင် တုံ့ပြန်ဖို့ အချိန်မရပါဘူး" ဟု ပါမောက္ခ Kim က ပြောသည်။ 

မီးလောင်မှု ဖြစ်ပွားခဲ့သည့် Aricell ကုမ္ပဏီကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အာရုံခံကိရိယာနှင့် ရေဒီယိုဆက်သွယ်ရေး အသုံးအဆောင်များအတွက် လီသီယမ် ဘက်ထရီများကို ထုတ်လုပ်နေပြီး အလုပ်သမား (၄၈) ဦးရှိကြောင်း သိရသည်။

Source: Reuters

 Photo: dpa, nate, 톡톡논객,