ဟောင်ကောင်တွင် (၇၃) နှစ်အရွယ် စင်ကာပူအမျိုးသားက  ကစားစရာ သေနတ်ပြပြီး ဘဏ်ကို ဓားပြတိုက် 

 PHOTO: CHANNEL C HK/YOUTUBE
PHOTO: CHANNEL C HK/YOUTUBE
ဟောင်ကောင်တွင် (၇၃) နှစ်အရွယ် စင်ကာပူအမျိုးသားက  ကစားစရာ သေနတ်ပြပြီး ဘဏ်ကို ဓားပြတိုက် 
By Mr John

ဟောင်ကောင်တွင် ကစားစရာသေနတ်ပြပြီး ဘဏ်ဓားပြတိုက်ခဲ့သည့် အသက် (၇၃) နှစ်အရွယ် စင်ကာပူအမျိုးသားကို စွဲချက်တင်လိုက်ကြောင်း သိရသည်။

ထိုအမျိုးသားက ဟောင်ကောင်မြောက်ပိုင်း Kowloon ဒေသ Mong Kok ခရိုင်ရှိ China Construction Bank ကို ဧပြီ (၁၄) ရက်နေ့တွင် ဓားပြတိုက်ခဲ့ပြီး ဟောင်ကောင်ဒေါ်လ ၁၄,၀၀၀ နှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။



သံသယရှိသူက ဘဏ်ဓားပြတိုက်ရာတွင် ကစားစရာ သေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောသည်။

၎င်းကို ဘဏ်ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက် ခုနစ်နာရီအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က Facebook တွင် ရေးသားဖော်ပြထားပြီး ၎င်းအား ဧပြီ (၁၆) ရက်နေ့က စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။



ဘဏ်ဓားပြတိုက်သူက အမျိုးသမီး ဘဏ်ဝန်ထမ်းတစ်ဦးကို ဓားပြတိုက်နေခြင်းဖြစ်ကြောင်း ရေးသားထားသည့် စာတိုတစ်စောင် ပေးခဲ့ပြီးနောက် ၎င်းကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု West Kowloon ရာဇဝတ်မှုခင်းဌာနမှ ရဲမှူး Alan Chung က ဆိုသည်။

ထို့နောက် ၎င်းက ဘဏ်ဝန်ထမ်းအမျိုးသမီးကို အမည်းရောင်အိတ်တစ်လုံးပေးပြီး ငွေများထည့်ခိုင်းကြောင်း The Standard သတင်းက ဖော်ပြသည်။



ဘဏ်ဓားပြတိုက်သူ ပြန်ထွက်သွားစဥ် ဘဏ်ဝန်ထမ်းတွေက ၎င်းနောက်ကို လိုက်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းဖြတ်ကူးပြီး ဘတ်စ်ကားတစ်စီးပေါ် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့က သံသယရှိသူကို ဘတ်စ်ကားများပေါ်နှင့် ဘတ်စ်ကားဂိတ်များတွင် ရှာဖွေရန် လမ်းပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား၏ နေအိမ်တွင်လည်း ငွေအချို့နှင့် ၎င်းဝတ်ဆင်ခဲ့သည့် အဝတ်အစားများကို ရှာဖွေတွေ့ရှိခဲ့သည်။



ကစားစရာသေနတ်ဖြင့် ဘဏ်ဓားပြတိုက်ခဲ့သည့် အမျိုးသားမှာ ဟောင်ကောင်တွင် (၁၀) နှစ်ခန့်ကြာ တရားမဝင် နေထိုင်နေခဲ့သူလည်းဖြစ်ပြီး ၎င်းသည် ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း Mong Kok ခရိုင်ရှိ ဆေးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုနှင့်လည်း ဆက်စပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဆေးဆိုင်ကို ဓားပြတိုက်ရာတွင် မီးခြစ်တစ်လုံးကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ ထိုအမျိုးသားကို ဧပြီလ(၂၁) ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။



Source: CNA