ယခုသီတင်းပတ် အစောပိုင်းက တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့မှုအတွင်း တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့က ပင်လယ်ဓားပြများသာ လုပ်ကြသည့် လုပ်ရပ်မျိုး လုပ်ခဲ့ကြခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောဆိုလိုက်သည်။
ဖိလစ်ပိုင်စစ်တပ်က ၂၀၂၄ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းအရ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိများက ဖိလစ်ပိုင်စစ်သားများကို ပုဆိန်တစ်လက်နှင့် အခြား ဓားများ သို့မဟုတ် ချွန်ထက်သော အသုံးအဆောင်များဖြင့် ဝှေ့ရမ်း ရန်ပြုနေသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် ဇွန်လ (၁၇) ရက်နေ့က Spratly ကျွန်းစုအနီး ဖြစ်ပွားခဲ့သော အဆိုပါ ထိပ်တိုက်တွေ့မှုအတွက် ဖိလစ်ပိုင်နှင့် တရုတ်တို့က အပြန်အလှန် အပြစ်တင်နေကြသည်။
တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိများက ဖိလစ်ပိုင် ရာဘာစက်လှေများကို တရားမဝင် စီးနင်းပြီး သေနတ်အိတ်များထဲ ထည့်သိမ်းထားသော ရိုင်ဖယ် (၇) လက်ကို လုယုသွားခဲ့ကြောင်း၊ ရာဘာစက်လှေ အင်ဂျင်၊ ဆက်သွယ်ရေးစက်နှင့် ရေကြောင်း လမ်းပြကိရိယာတို့ကို ဖျက်ဆီးပြီး ဖိလစ်ပိုင်စစ်သားများ၏ ဆဲလ်ဖုန်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဖိလစ်ပိုင်စစ်တပ် ထိပ်တန်းအရာရှိများက ပြောဆိုခဲ့ကြသည်။
"သူတို့က ကျွန်တော်တို့ရဲ့ ရာဘာလှေတွေကို ဓားတွေနဲ့ အခြား ချွန်ထက်တဲ့ အသုံးအဆောင်တွေသုံးပြီး တမင်ထိုးဖောက်ပစ်ခဲ့ကြတယ်" ဟု ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များ Armed Forces of the Philippines (AFP) ၏ တပ်မှူး Alfonso Torres Jr. က ဆိုသည်။
တရုတ်ကမ်းခြေစောင့်တပ်၏ တိုက်ခိုက်မှုကြောင့် ရာဘာလှေပေါ်ရှိ ဖိလစ်ပိုင်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦးမှာ လက်မ ပြတ်သွားခဲ့ကြောင်းလည်း Torres က ပြောသည်။
"ပင်လယ်ဓားပြတွေပဲ ဒါမျိုး လုပ်ကြတာ။ ပင်လယ်ဓားပြတွေပဲ တက်ပြီး ခိုးကြ လုယူကြတာတာ။ သင်္ဘော၊ အသုံးအဆောင်နဲ့ ပစ္စည်းတွေကို ဖျက်ဆီးကြတာ" ဟု ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner Jr. က ပြောဆိုလိုက်သည်။
စတုရန်းမိုင် (၁.၃) သန်းရှိ တောင်တရုတ်ပင်လယ်နှင့် ထိုပင်လယ်ပြင်ရှိ ကျွန်းစုများကို ဒေသတဝိုက်ရှိ အစိုးရများထံမှ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုများရှိနေခဲ့သည်။
တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးနီးပါးကို ၎င်း၏ အချုပ်အခြာပိုင် ပိုင်နက်နယ်မြေအဖြစ် ပြောဆိုထားသည်။
သို့သော် အခြား နိုင်ငံများကမူ ၎င်းတို့၏ ကမ်းရိုးတန်းမှ ရေမိုင် (၂၀၀) ရှည်လျားသည့် ၎င်းတို့၏ အထူးစီးပွားရေးဇုန်များအပေါ် အခြေခံ၍ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုကြသည်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း အဓိက အငြင်းပွားနေသည့် နေရာများတွင် Paracel ကျွန်းစုနှင့် Spratly ကျွန်းစုတို့ ပါဝင်ပြီး ထိုးကျွန်းစု (၂) ခုလုံးတွင် တရုတ်က စစ်တပ်စခန်းများထားရှိကြောင်း သိရသည်။
Source: CNN, AFP
Photo: AFOP