ထူးထူးခြားခြား ရှည်လျားလှသည့် နားရွက်တစ်စုံနှင့်အတူ စတားဖြစ်နေသည့် ဆိတ်ပေါက်ကလေး

ထူးထူးခြားခြား ရှည်လျားလှသည့် နားရွက်တစ်စုံနှင့်အတူ စတားဖြစ်နေသည့် ဆိတ်ပေါက်ကလေး
ဇူလိုင် 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ ဆိတ်ပေါက်ကလေး ဆင်မ်ဘာကို ၎င်း၏ အလွန်ရှည်လျားသည့် နားရွက်ကြောင့် လူအများ အံ့ဩကြရသည်။ 

နားရွက်အရှည်ကြီးနှင့် ဆိတ်ပေါက်ကလေး ဆင်မ်ဘာက ဆိုရှယ်မီဒီယာတွင် ဆန်းဆန်းပြားပြား ဖြစ်စဉ်များအဖြစ် စတားဖြစ်နေပြီး ၎င်းကို ပိုးမွေးသကဲ့သို့ မွေးမြူထားသည်ဟု ဆိုသည်။ 

ဇွန်လ (၄) ရက်နေ့တွင် မွေးဖွားခဲ့သည့် ဆင်မ်ဘာတွင် နားရွက်တစ်ဘက်စီ၏ အရှည်မှာ (၂၁) လက်မကျော်ရှိနေပြီး ဆက်လက်ရှည်ထွက်နေကြောင်း သိရသည်။

ဆင်မ်ဘာ၏ ပိုင်ရှင်ဖြစ်သူ Mohammad Hasan Narejo က ၎င်း၏ဆိတ်ကလေးကို ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့တွင် စာရင်းသွင်းပြီး ဂင်းနစ်စံချိန်ဝင်ရန် ကြိုးပမ်းခဲ့သေးသည်ဟု ဆိုသည်။ 

သို့သော် ဂင်းနစ်အဖွဲ့တွင် နားရွက်အရှည်ဆုံးဆိတ် ခေါင်းစဥ်ဖြင့် စံချိန်မှတ်တမ်း လောလောဆယ် မရှိသေးဟု Narejo က AFP သတင်းဌာနကို ပြောခဲ့သည်။ 

ထို့ကြောင့် ဆင်မ်ဘာ၏ နားရွက်မှာ အမှန်တကယ် စံချိန်တင် ရှည်လျားကြောင်း အတိအကျ မသိရဟုဆိုသည်။

ကမ္ဘာ့နားရွက်အရှည်ဆုံး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ၎င်း၏ ထင်ရှားသော နားရွက်ရှည်ရှည်နှင့် ဓာတ်ပုံများ စတင်ပျံ့နှံ့ခဲ့ပြီးနောက် ဆိတ်ပေါက်ကလေး ဆင်မ်ဘာမှာ ပါကစ္စတန်တွင် ဆိုရှယ်မီဒီယာစတားဖြစ်နေကြောင်း သိရသည်။

 အများနှင့်မတူ တမူထူးခြားသော ရှည်လျားလှသည့် နားရွက်တစ်စုံကြောင့် ကျော်ကြားသလို ထိုမျှရှည်လျားနေသည့် နားရွက်တစ်စုံက ဆင်မ်ဘာအတွက် စိန်ခေါ်မှုဖြစ်နေပြန်သည်။

သွားလာလှုပ်ရှားရာတွင် ရှည်လျာလွန်းသည် နားရွက်နှင့်ငြိမိပြီး အန္တရာယ်ဖြစ်နိုင်တာကြောင့် ပိုင်ရှင်ဖြစ်သူ Narejo က နားရွက်များကို ဆင်မ်ဘာ၏ကျောပေါ်တွင် ခေါက်တင်ပေးထားရသည်။ 

ထို့အတူ နားရွက်များကို ထိန်းထားနိုင်ရန် သိုင်းကြိုးတစ်ခုကိုလည်း ပုံစံထုတ် ဖန်တီးထားရသည်ဟု ဆိုသည်။ 

နောက်ထပ် စိုးရိမ်ပူပန်စရာတစ်ခုမှာ ပြိုင်ဘက် ဆိတ်မွေးမြူသူများဖြစ်ပြီး ဆင်မ်ဘာကို လူအများ စိတ်ဝင်စားမှုအပေါ် ၎င်းတို့က မလိုလားကြတာကြောင့် Narejo က စိုးရိမ်နေသည်။

ဆင်မ်ဘာကို မကျန်းမမာဖြစ်စေရန် အခြားသူများက လုပ်ဆောင်မှုများအား တွန်းလှန်ရန်နှင့် အန္တရာယ်ကင်းရန် Najero က ဝတ်ပြုဆုတောင်းခြင်းနှင့် ရိုးရာဓလေ့ထုံးစံများကို ဆောင်ရွက်ကြောင်း သိရသည်။

 "မကောင်းတာတွေမဖြစ်အောင် ကျွန်တော်တို့ ကိုရမ်ကျွန်မ်းစာရွတ်ပြီး သူ့ကို လေနဲ့မှုတ်ပေးတယ်" ဟု Najero က AFP ကို ပြောသည်။ 

ဆိတ်မွေးမြူရေးလုပ်ငန်းတွင် ကမ္ဘာဦးဆောင်နိုင်ငံအဖြစ် ပါကစ္စတန်၏ ပုံရိပ်ကို မြှင့်တင်ရန် ဆင်မ်ဘာကို စောင့်ရှောက်မွေးမြူသွားလိုကြောင်း Najero က ဆိုသည်။

Source: BBC, Reuters