ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးပျက်ကပ် ကြုံနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေး

Photo: REUTERS/Thomas Peter
Photo: REUTERS/Thomas Peter
ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးပျက်ကပ် ကြုံနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေး
By Mr John

COVID-19 ကပ်ရောဂါကြောင့် ယိုင်နဲ့နေခဲ့သည့် စီးပွားရေးမှာ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ခဲ့ရာ ကမ္ဘာတဝန်းရှိ နိုင်ငံများမှာ စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ (၇) ရက်နေ့တွင် သတိပေးလိုက်သည်။ 

ဥရောပနှင့် အရှေ့အာရှဒေသရှိ ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများမှာ စီးပွားရေးကျဆင်းမှုကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည်ဟု ဆိုသည်။ 

ငွေကြေးဖောင်းပွဲမှုနှုန်း မြင့်တက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း နှေးကွေးခြင်းနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းတို့ တိုက်ဆိုင်နေသည့် "stagflation" အခြေအနေ ဖြစ်ပေါ်နေကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ David Malpass က ပြောခဲ့သည်။

စွမ်းအင်နှင့် စားနပ်ရိက္ခာ ကုန်ကျစရိတ်များ ကမ္ဘာတဝန်း မြင့်တက်နေကြောင်း သိရသည်။ 

"ယူကရိန်းစစ်ပွဲ၊ တရုတ်မှာ lockdown လုပ်မှုတွေ၊ ထောက်ပံ့ရေးကွင်းဆက်ပြဿနာနဲ့ stagflation အန္တရာယ်က စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ နိုင်ငံအများအပြားအတွက် စီးပွားရေးပျက်ကပ်ကို ရှောင်နိုင်ဖို့ခက်ပါတယ်" ဟု David Malpass က ပြောသည်။ 

ထို့အတူ stagflation အန္တရာယ် အတော်များကြောင်း ၎င်းက ကမ္ဘာ့ဘဏ်၏ ဇွန်လအတွက် ကမ္ဘာတဝန်း စီးပွားရေးအလားအလာများ (Global Economic Prospects) အစီရင်ခံစာတွင် ၎င်းက သတိပေးထားသည်။

"ကမ္ဘာ့နေရာအများစုတွင် ရင်းနှီးမြှုပ်နှံမှု အားနည်းခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းက ဆယ်စုနှစ်တစ်လျှောက်လုံး ဆက်ရှိနေနိုင်သည်။ ယခုအခါ နိုင်ငံအများအပြားတွင် ငွေကြေးဖောင်းပွမှုမှာ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးဖြစ်နေခြင်းနှင့် ထောက်ပံ့မှု နှေးကွေးလာမည်ဟု ခန့်မှန်းထားမှုတို့နှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာ ကာလရှည်ကြာ မြင့်မားနေမည်" ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ပြောသည်။

ဇွန်လ (၇) ရက်နေ့မှာပင် ကမ္ဘာ့ဘဏ်က ယူကရိန်းအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ (၁.၄၉) ဘီလီယံ ပေးအပ်ရန် အတည်ပြုလိုက်ပြီး ထိုငွေများကို အစိုးရနှင့် လူမှုဝန်ထမ်းများအတွက် လုပ်ခလစာပေးရန် အသုံးပြုသွားမည်ဟု သိရသည်။ 

ယခုငွေပမာဏမှာ ကမ္ဘာ့ဘဏ်က ယူကရိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ရေဆိုးစွန့်ထုတ်စနစ် အပါအဝင် ကဏ္ဍများတွင် အသုံးပြုရန် ကူညီထောက်ပံ့မည့် ဒေါ်လာ (၄) ဘီလီယံကျော်တွင် ပါဝင်သည်။

၂၀၂၂ ခုနှစ်အတွင်း စီးပွားရေး သိသိသာသာ ကျဆင်းမှု ကြုံတွေ့ရမည့် ဥရောပဒေသတွင်း နိုင်ငံများမှာ ယူကရိန်းနှင့် ရုရှား ဖြစ်နိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။ 

သို့သော် စစ်ပွဲနှင့် COVID-19 ကပ်ရောဂါကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုက ပိုမိုကျယ်ပြန့်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။ 

"တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းတာကို ရှောင်နိုင်ရင်တောင်မှ stagflation ပြဿနာက နှစ်တွေနဲ့ချီ ဆက်ရှိနေနိုင်တယ်" ဟု ကမ္ဘာ့ဘဏ်ဥက္ကဌက ပြောခဲ့သည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကမ္ဘာတဝန်းဖွံ့ဖြိုးတိုးတက်မှုမှာ (၂.၇) ရာခိုင်နှုန်းအဖြစ် နှေးကွေးသွားမည်ဟု ခန့်မှန်းထားပြီး ၁၉၇၆ ခုနှစ်နှင့် ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘာတဝန်း stagflation အခြေအနေ နောက်ဆုံးကြုံတွေ့ခဲ့ရစဥ်ကထက် (၂) ဆကျော် ပိုနှေးကွေးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

၁၉၇၀ ပြည့်လွန် နှစ်များအကုန်တွင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရေး လိုအပ်သည့် အတိုးနှုန်းမြှင့်တင်မှုများက ၁၉၈၂ ခုနှစ်တွင် ကမ္ဘာတဝန်း စီးပွားရေးကျဆင်းမှုကို ပိုဆိုးသွားစေပြီး ပေါ်ထွန်းစ ဈေးကွက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငွေကြေးအကျပ်အတည်းများ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက သတိပေးခဲ့သည်။

Source: BBC, Reuters