အမေရိကန်တွင် မွေးနေ့ပါတီပွဲကို ပစ်ခတ်သည့် သေနတ်သမားအား အနီးအနားရှိ လက်နက်ကိုင်အမျိုးသမီးက အသေပစ်သတ်

Photo: GETTY IMAGES
Photo: GETTY IMAGES
အမေရိကန်တွင် မွေးနေ့ပါတီပွဲကို ပစ်ခတ်သည့် သေနတ်သမားအား အနီးအနားရှိ လက်နက်ကိုင်အမျိုးသမီးက အသေပစ်သတ်
By Mr John

 

အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ် ချာလက်စတန်မြို့တွင် လူအုပ်စုတစ်ခုကို ဆီမီးအော်တိုမက်တစ် ရိုင်ဖယ်တစ်လက်ဖြင့် ပစ်ခတ်ခဲ့သည့် အမျိုးသားတစ်ဦးအား အနီးအနားရှိ သေနတ်ပါရှိသူ အမျိုးသမီးက အသေပစ်သတ်လိုက်ကြောင်း သိရသည်။ 

မေလ (၂၅) ရက်နေ့က  ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်အတွင်း အမျိုးသမီး၏ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အသက် (၃၇) နှစ်အရွယ် ဒန်းနစ်ဘတ်တလာမှာ ကြီးလေးသည့် ရာဇဝတ်ပြစ်မှုမှတ်တမ်းဟောင်းရှိသူလည်း ဖြစ်သည်။ 

ဒန်းနစ်က လူ (၄၀) ဦး ဝန်းကျင် တက်ရောက်နေကြသည့် မွေးနေ့ပါတီပွဲတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

ထိုသို့ တိုက်ခိုက်ချိန်တွင် လျင်မြန်စွာ ပြန်လည်ပစ်ခတ်ခဲ့သည့် အမျိုးသမီး၏ တုံ့ပြန်မှုက အသက်များကို ကယ်တင်ခဲ့ပြီး အစုအပြုံလိုက်ပစ်ခတ်မှုကို ဟန့်တားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Tony Hazelett က ပြောသည်။ 

တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် လူ (၂၁) ဦး သေဆုံးခဲ့သည့် အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပြီးနောက် သေနတ်ကိုင်ဆောင်မှုအပေါ် အမေရိကန်တဝန်း အချေအတင် ဆွေးနွေးပြောဆိုမှုများရှိနေစဥ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။



ဒန်းနစ်က မေလ (၂၅) ရက် ညနေ အစောပိုင်းအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှဖြတ်ပြီး ကားမောင်းနှင်သွားစဥ် ကလေးများ ဆော့ကစားနေခဲ့တာကြောင့် အရှိန်လျှော့မောင်းရန် သတိပေးခံခဲ့ရသည်ဟု ဆိုသည်။ 

ထို့နောက် ၎င်းက AR-15 အမျိုးအစား ရိုင်ဖယ်တစ်လက်နှင့်အတူ ပြန်ရောက်လာခဲ့ပြီး လူနေတိုက်ခန်းတွဲ အပြင်ဘက်နေရာတွင် ကျင်းပနေသည့် မွေးနေ့ပါတီကို ၎င်း၏ကားထဲကနေ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် မွေးနေ့ပါတီပွဲကို ရပ်ကြည့်နေသည့် အနီးအနားရှိ အမျိုးသမီးက သူမ၏ သေနတ်ကို အလျင်အမြန် ဆွဲထုတ်ပြီး ဒန်းနစ်ကို ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 ဒန်းနစ်ကို အသေပစ်သတ်ခဲ့သည့် အမျိုးသမီးမှာ ဥပဒေစိုးမိုးရေးဌာနတွင် လုပ်ကိုင်ခဲ့ဖူးသည့် နောက်ခံရှိသူမဟုတ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Tony Hazelett က ပြောသည်။ သူမ၏ အမည်နှင့် အချက်အလက်ကိုမူ ထုတ်ဖော်မပြောခဲ့ပေ။

"သူမက ဒီနေရာတဝိုက်မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး တရားဥပဒေနဲ့အညီ လက်နက်ကိုင်ဆောင်သူပါ။ အသက်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုကနေ ထွက်မပြေးဘဲ ခြိမ်းခြောက်မှုကို ရင်ဆိုင်ပြီး အသက်တွေကို ကယ်ခဲ့ပါတယ်" ဟု Tony Hazelett က ပြောသည်။ 

ထိုအမျိုးသမီးမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ခွာသွားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

သေနတ်သမား ဒန်းနစ်ကို ပြန်လည်ပစ်ခတ်ခဲ့သည့် အမျိုးသမီးအား တရားစွဲဆိုမည် မဟုတ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ 

ဒန်းနစ်ကို အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးလျက်သားတွေ့ရကြောင်း ၎င်းကဆိုသည်။ 

ဒန်းနစ်က ရိုင်ဖယ်သေနတ်ကို မည်သို့ ရရှိလာခဲ့ကြောင်းကိုမူ အတိအကျ မသိရသေးပေ။ 

ဒန်းနစ်ကဲ့သို့ ကြီးလေးသည့် ရာဇဝတ်ပြစ်မှုမှတ်တမ်းဟောင်းရှိသူများမှာ သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း သိရသည်။

#TachileikNewsAgency

Source: BBC