EU က ယူကရိန်းနှင့် မော်လ်ဒိုဗာတို့ကို အဖွဲ့ဝင်ဖြစ်ရန် ကိုယ်စားလှယ်လောင်း နိုင်ငံများအဖြစ် တရားဝင်သတ်မှတ်

EU က ယူကရိန်းနှင့် မော်လ်ဒိုဗာတို့ကို အဖွဲ့ဝင်ဖြစ်ရန် ကိုယ်စားလှယ်လောင်း နိုင်ငံများအဖြစ် တရားဝင်သတ်မှတ်
By Mr John

 

ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံတို့ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရန် ကိုယ်စားလှယ်လောင်း နိုင်ငံများအဖြစ် ဥရောပသမဂ္ဂခေါင်းဆောင်များက ဇွန်လ (၂၃) ရက်နေ့တွင် တရားဝင် လက်ခံလိုက်ပြီ ဖြစ်သည်။ 

ဥရောပကောင်စီ၏ ယခုဆုံးဖြတ်ချက်ကို သမိုင်းဝင် အခိုက်အတန့်အဖြစ် ဥရောပသမဂ္ဂနှင့် ယူကရိန်းတို့က ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ 

 

"ဒီနေ့က  ဥရောပသမဂ္ဂဆီသို့ သင်တို့ရဲ့ လမ်းကြောင်းပေါ်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်" ဟု ဥရောပကောင်စီဥက္ကဌ Charles Michel က ပြောသည်။

ကိုယ်စားလှယ်လောင်းနိုင်ငံအဆင့် အသိအမှတ်ပြုလိုက်ခြင်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ပထမဆုံး တရားဝင်ခြေလှမ်းလည်း ဖြစ်သည်။ 

ယူကရိန်းနှင့် မော်လိုဗာတို့မှာ အဖွဲ့ဝင်နိုင်ငံများဖြစ်လာရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ကြာနိုင်သေးသော်လည်း နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး၏ ယခုဆုံးဖြတ်ချက်က ယခင်ဆိုဗီယက်ပြည်ထောင်စု နယ်မြေများအတွင်းသို့ ပိုမို နက်နက်ရှိုင်းရှိုင်း ရောက်ရှိရန် ဥရောပသမဂ္ဂ၏ ရည်ရွယ်ချက်ကို ဖော်ပြလိုက်သည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။

ရုရှား၏ ကျူးကျော်မှုက ယူကရိန်းကို ကိုယ်စားလှယ်လောင်းနိုင်ငံအဆင့် သတ်မှတ်ရန် ဥရောပသမဂ္ဂကခေါင်းဆောင်များ၏ ပုံမှန်မဟုတ်သည့် မြန်ဆန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေခဲ့သည်ဟု ဆိုသည်။  

သို့သော် ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်းနှင့် မော်လ်ဒိုဗာတို့ကို အဖွဲ့ဝင်နိုင်ငံများအဖြစ် လက်ခံရန်ဆုံးဖြတ်ရေး လုပ်ငန်းစဥ်အတွက် ဆောင်ရွက်စရာများစွာရှိနေသေးသလို ထိုနှစ်နိုင်ငံကလည်း ပြင်ဆင်လုပ်ဆောင်စရာများစွာ ရှိနေသေးကြောင်း သိရသည်။

၁၉၅၁ ခုနှစ်တွင် စက်မှုလုပ်ငန်း ထုတ်လုပ်မှုများ ထိန်းညှိဆောင်ရွက်ရန် နိုင်ငံ (၆) ခုဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ဥရောပသမဂ္ဂတွင် ယခုအခါ အဖွဲ့ဝင်နိုင်ငံ (၂၇) နိုင်ငံရှိနေပြီး ရာသီဥတုပြောင်းလဲမှုနှင့် တရုတ်၏အင်အားကြီးထွားလာမှုမှ ၎င်းတို့၏ဒေသတွင်း စစ်ပွဲဖြစ်ပွားနေသည်အထိ ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

 လက်ရှိ ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံမှာ ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ဩစတြီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ဒိန်းမတ်၊ ချက်ရီပတ်ဘလစ်၊ ဖင်လန်၊ အက်စ်တိုးနီးယား၊ ဂျာမနီ၊ ပြင်သစ်၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ မော်လ်တာ၊ ပိုလန်၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ရိုမေးနီးယား၊ စပိန်နှင့် ဆွီဒင်တို့ ဖြစ်ကြသည်။



Source: BBC, Reuters

Photo:  Kenzo Tribouillard/Pool via REUTERS, COURTESY OF PROMOTE UKRAINE, REUTERS,