ဂျပန်နိုင်ငံတွင် သက်ကြီးလူဦးရေ လျင်မြန်စွာ တိုးလာမှုကြောင့် နိုင်ငံခြားသား အလုပ်သမား လိုအပ်ချက်အရ ခေါ်ယူထားသည့် နိုင်ငံခြားသား အလုပ်သမား အရေအတွက်မှာ ၂၀၂၃ ခုနှစ်တွင် (၂) သန်းကျော်အထိ စံချိန်တင်ခဲ့ရာ နိုင်ငံခြားသား လုပ်သားများတွင် မြန်မာနိုင်ငံသား အများအများစု ပါဝင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အထိ စာရင်းများအရ ဂျပန်တွင် မြန်မာနိုင်ငံသား (၇၀,၀၀၀) ကျော် အလုပ် လုပ်ကိုင်နေကြပြီး ထိုအရေအတွက်မှာ ၂၀၂၂ ခုနှစ်ကထက် (၅၀) ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန်အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
ဂျပန်နိုင်ငံတွင် အလျင်မြန်ဆုံး တိုးပွားလာသော နိုင်ငံခြားသား အလုပ်သမားအင်အားစုများမှာ မြန်မာ၊ အင်ဒိုနီးရှားနှင့် နီပေါ နိုင်ငံတို့မှ အလုပ်သားများ ဖြစ်သည်။
ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းက မြန်မာနိုင်ငံမှ အလုပ်သမားများကို အများဆုံး ခေါ်ယူနေသည့် လုပ်ငန်းတစ်ခုဟု ဆိုသည်။
နိုင်ငံ၏ အသက်ကြီးလာသော အလုပ်သမားအင်းအားစုကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွင် အလုပ်သမား (၃၂၀,၀၀၀) လျော့နည်းသွားနိုင်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
ဂျပန် သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၌ လုပ်ကိုင်ရာတွင် သက်ကြီးရွယ်အိုများနှင့် စကားပြောဆိုရန် လိုအပ်သောကြောင့် နိုင်ငံခြားသား အလုပ်သမား အားလုံးမှာ ဂျပန်စကား ပြောတတ်သူများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။
Kenji Sato ဆိုသူ ဂျပန်အမျိုးသားက သက်ကြီးရွယ် ပြုစုစောင့်ရှောက်ရေးဂေဟာများတွင် အလုပ် လုပ်ကိုင်ရန် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူ၊ သင်တန်းပေး၍ အလုပ်ရှာပေးသော အေဂျင်စီတစ်ခုကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
"မြန်မာက ယဥ်ကျေးမှုပိုင်းဆိုင်ရာမှာ ဂျပန်နဲ့ အဆင်တူဆုံးပဲ။ လူတွေက တည်ငြိမ်ကြတယ်။ ဗုဒ္ဓဘာသာ များတယ်။ သူတို့ရဲ့ စရိုက်လက္ခဏာက အသင့်တော်ဆုံးပဲဖြစ်လို့ ကျွန်တော်တို့ မြန်မာတွေကို ခေါ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်" ဟု Kanji Sato က ရှင်းပြသည်။
ဂျပန်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲအရ နိုင်ငံခြားသား အလုပ်သမားများ ပိုမိုခေါ်ယူလာမှုက စစ်တပ်အာဏာသိမ်းထားသော မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအတွက် ဂျပန်စာသင်၍ ဂျပန်တွင် သွားရောက် အလုပ် လုပ်ကိုင်ရန် ရည်ရွယ်ချက်ထားစရာ တစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများကို ဗီဇာသက်တမ်းကုန်ပြီးနောက် တစ်နှစ်ကြာ ဆက်လက်နေထိုင်ခွင့်ပြုထားသည်။
အကယ်၍ မြန်မာနိုင်ငံတွင် မတည်မငြိမ် ဆက်ဖြစ်နေပါက ထိုနေထိုင်ခွင့်ပြုမှုကို နောက်ထပ် သက်တမ်း ဆက်တိုးနိုင်ကြောင်းလည်း သိရသည်။
Source: CNA