ကာစီနိုမြို့တော် မကာအိုတွင် COVID-19 ကြောင့် ကာစီနိုရုံအားလုံးကို ပိတ်ထားလိုက်ရ

PHOTO: REUTERS
PHOTO: REUTERS
ကာစီနိုမြို့တော် မကာအိုတွင် COVID-19 ကြောင့် ကာစီနိုရုံအားလုံးကို ပိတ်ထားလိုက်ရ
ဇူလိုင် 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာ့အကြီးဆုံး လောင်ကစားအချက်အချာ မကာအိုမြို့တွင် အဆိုးဆုံး COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အာဏာပိုင်များ ရုန်းကန်နေရပြီးနောက် ဇူလိုင်လ (၁၁) ရက်နေ့မှစပြီး ကာစီနိုရုံအားလုံးကို ပိတ်လိုက်ကြောင်း သိရသည်။

 မကာအိုရှိ ကာစီနိုရုံများတွင် (၂) နှစ်အတွင်း ပထမဆုံးအကြိမ် ပိတ်လိုက်ခြင်းလည်းဖြစ်ပြီး လောင်းကစားလုပ်ငန်း ရှယ်ယာများလည်း ထိုးကျနေသည်ဟု ဆိုသည်။

မကာအိုရှိ ကာစီနိုရုံနှင့် အခြား စီးပွားရေးလုပ်ငန်း (၃၀) ကျော်ကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး မြို့ခံများကို နေအိမ်တွင်သာနေကြရန် stay at home အမိန့်ထုတ်ထားကြောင်းနှင့် မရှိမဖြစ် ဝန်ဆောင်မှုများအတွက် ခရီးတို သွားလာမှုများကိုသာ ခွင့်ပြုထားသည်။ 

ရဲတပ်ဖွဲ့က နေအိမ်ပြင်ပ လူများ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်သွားမည်ဖြစ်ပြီး အမိန့်ညွှန်ကြားချက် မလိုက်နာသူများကို တင်းကျပ်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မြို့အုပ်ချုပ်ရေးက ပြောသည်။

မကာအိုတွင် လွန်ခဲ့သည့် (၃) ပတ်အတွင်း ကာစီနိုရုံများကို အနည်းဆုံး ဝန်ထမ်းအင်အားကိုသာ ဖွင့်ခွင့်ပြုထားခဲ့ရာမှ ပိုမိုပြင်းထန်သော စီမံဆောင်ရွက်မှုများက ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို အပြင်းအထန် ထိခိုက်စေသည်ဟု ဆိုသည်။

 လောင်ကစားလုပ်ငန်း ဝင်ငွေမှာ ယခုနှစ် တတိယသုံးလပတ်ကုန် သို့မဟုတ် စတုတ္တသုံးလပတ်အတွင်းအထိ နာလန်ပြန်ထူနိုင်မည်မဟုတ်ကြောင်း လေ့လာအချို့က ခန့်မှန်းထားသည်။

မကာအိုတွင် ဇွန်လလယ်ပိုင်းမှစပြီး COVID-19 ကူးစက်မှု ၁,၅၀၀ ဝန်းကျင် တွေ့ရှိထားသည်။ 

တရုတ်အစိုးရ၏ COVID-19 လုံးဝကင်းစင်ရေး "Zero-COVID" မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သည့် မကာအိုအာဏာပိုင်တွေက လူဦးရေ ၁၉,၀၀၀ ခန့်ကို မဖြစ်မနေ ကွာရန်တင်းနေထိုင်စေကြောင်း သိရသည်။ 

မကာအိုရှိ ကူးစက်မှုအန္တရာယ်မြင့်မားကြောင်း သတ်မှတ်ထားသော ဇုန်နေရာ (၃၀) ကျော်ကို lockdown လုပ်ထားပြီး အနည်းဆုံး (၅) ရက်ကြာ အဝင်အထွက် ပိတ်ပင်ထားသည်။

အာဏာပိုင်တွေက မကာအိုတစ်မြို့လုံးကို lockdown သတ်မှတ်ထားခြင်း မဟုတ်ဟု ပြောခဲ့သော်လည်း တင်းကျပ်သည့် အစီအမံများဖြင့် မြို့ကို ထိထိရောက်ရောက် ပိတ်ထားလိုက်ခြင်း ဖြစ်သည်။ 

မကာအိုရှိ ကာစီနိုရုံများကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက (၁၅) ရက်ကြာ ပိတ်ခဲ့ဖူးသည်။ 

မကာအိုအာဏာပိုင်တွေက လောင်ကစားလုပ်ငန်းမှ အလုပ်အကိုင်များကို အကာအကွယ်ပေးရန် တာဝန်ရှိနေရာ ကာစီနိုရုံများကိုပိတ်ရန် ယခင်က ချီတုံချတုံ ဖြစ်နေခဲ့သည်ဟု ဆိုသည်။

မကာအို လောင်ကစားလုပ်ငန်းများတွင် မြို့၏လူဦးရေ အများစုက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလုပ်လုပ်ကိုင်နေကြပြီး မကာအိုအုပ်ချုပ်ရေးအဖွဲ့၏ ဝင်ငွေ (၈၀) ရာခိုင်နှုန်းကျော်မှာ ထိုလုပ်ငန်းမှ ရရှိနေခြင်းဖြစ်သည်။

မကာအိုတွင် အာဏာပိုင်များ၏ COVID-19 ကို ကိုင်တွယ်ဆောင်ရွက်မှုအပေါ် မကျေမနပ်ဖြစ်နေကြသည်ဟုလည်း ဆိုသည်။ 

COVID-19 စစ်ဆေးသည့်နေရာများတွင် မြို့ခံအချို့မှာ နာရီ (၂၀) ကျော်ကြာ တန်းစီစောင့်ဆိုင်းရပြီး ရန်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ 

မကာအိုမြို့ခံများမှာ ယခုသီတင်းပတ်အတွင်း အစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးမှု (၄) ကြိမ်တွင် ပါဝင်ရန်လိုအပ်ကြောင်းလည်း သိရသည်။

မြို့ခံများမှာ ဇွန်လပိုင်းမှစပြီး COVID-19 စစ်ဆေးမှု (၆) ကြိမ် ပြုလုပ်ခဲ့ကြရပြီးဖြစ်ကာ နေ့စဥ် အမြန်စစ်ဆေးမှုများ (rapid antigen tests) လုပ်ဆောင်ရနိုင်သည်ဟု ဆိုသည်။ 

မကာအိုမြို့၏ လူဦးရေ ၆၀၀,၀၀၀ အနက် (၉၀) ရာခိုင်နှုန်းကျော်မှာ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့် ထိုးထားပြီးဖြစ်သော်လည်း ကူးစက်မြန်သည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကို ပထမဆုံးအကြိမ် ရင်ဆိုင်နေရသည်။ 

ကူးစက်မှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဆောင်ရွက်မှုအဖြစ် မကာအိုအာဏာပိုင်တွေက ဟိုတယ် (၂) ခုကို COVID-19 ကုသရေးစင်တာများအဖြစ် အသုံးပြုသွားမည်ဟုလည်း သိရသည်။

Source: Reuters