အင်ဒိုနီးရှားငွေ သန်း(၂၀၀) အကုန်ကျခံပြီး ကျင်းပခဲ့သည့် ခွေး လက်ထပ်ပွဲ

အင်ဒိုနီးရှားငွေ သန်း(၂၀၀) အကုန်ကျခံပြီး ကျင်းပခဲ့သည့် ခွေး လက်ထပ်ပွဲ
ဇူလိုင် 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် ငွေအမြောက်အပြား အကုန်အကျအခံပြီး ခွေး (၂) နှစ်ကောင် အတွက် လက်ထပ်ပွဲ ကျင်းပပေးခဲ့သည့် အမျိုးသမီး (၂) ဦးကို နိုင်ငံတဝန်း လူအများ ဝေဖန်ပြောဆိုမှုများ ရှိလာပြီးနောက် ၎င်းတို့၏ လုပ်ရပ်နှင့် ပတ်သက်၍ တောင်းပန်ခဲ့ကြသည်။ 

ဆင်းရဲချမ်းသာ ကွာဟမှု အကြီးမားဆုံး နိုင်ငံများတွင် ပါဝင်နေသော အင်ဒိုနီးရှားတွင် ငွေကုန်ကြေးကျများစွာဖြင့် ခွေးလက်ထပ်ပွဲ ကျင်းပသည့် လုပ်ရပ်မှာ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့သည်။

Alaskan Malmute အမျိုးအစား ခွေး (၂) ကောင် လက်ထပ်ပွဲကို ဂျကာတာမြို့ရှိ ခန်းမတစ်ခုတွင်  ၂၀၂၂ခုနှစ် ဇူလိုင်လ၏ ဒုတိယပတ်တွင်းက ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ 

ဂျာဗားရိုးရာဝတ်စုံများနှင့် ကျင်းပခဲ့သည့် ခွေးလက်ထပ်ပွဲတွင် ခွေး (၂) ကောင်ကို ၎င်းတို့၏ ပိုင်ရှင်များနှင့် ဆွေမျိုးများနှင့်အတူ တွေ့ရပြီး လက်ထပ်ပွဲအတွက် အင်ဒိုနီးရှား ရူပီယာငွေ သန်း (၂၀၀) (အမေရိကန်ဒေါ်လာ ၁၃,၃၅၀ ) အကုန်အကျခံခဲ့ကြောင်း သိရသည်။

အဆိုပါ ခွေးလက်ထပ်ပွဲ ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာတွင် ဝေဖန်ပြောဆိုမှုများ အကြီးအကျယ်ရှိလာခဲ့ရာ ခွေးပိုင်ရှင်များမှာ နောင်တရကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး လူသိရှင်ကြား တောင်းပန်ခဲ့ရသည်။ 

"ကျွန်မတို့ အများကြီး နောင်တရမိပါတယ်။ ဒီလက်ထပ်ပွဲ အခမ်းအနားကြောင့် ကသိကအောက်ဖြစ်ပြီး ထိခိုက်ခံစားရတဲ့ ဂျာဗားယဥ်ကျေးမှုကို တန်ဖိုးထား မြတ်နိုးသူတွေနဲ့ အင်ဒိုနီးရှား အားလုံးကို ကျွန်မတို့ တောင်းပန်ပါတယ်" ခွေးအမ လူနာ (Luna) ၏ ပိုင်ရှင်ဖြစ်သူ အင်ဒီရာရတ်နာဆာရီက ဇူလိုင်လ (၁၉) ရက်နေ့တွင် ပြောခဲ့သည်။

"ကျွန်မတို့ အင်ဒိုနီးရှားတွေနဲ့ ဂျာဗားယဥ်ကျေးမှုကို စော်ကားဖို့ မရည်ရွယ်ခဲ့ပါဘူး" ဟုလည်း အင်ဒီရာက ပြောခဲ့ကြောင်း သူမ၏ မိက်ကပ်ဆရာ Instagram အကောင့်တွင် တင်ထားသော ဗီဒီယိုမှတ်တမ်းအရ သိရသည်။ 

ခွေးအမ၏ ပိုင်ရှင်ဖြစ်သူ အင်ဒီရာမှာ အင်ဒိုနီးရှား သမ္မတရုံး၏ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ခွေးအထီး ဂျိုဂျို (Jojo) ၏ ပိုင်ရှင် ဗယ်လင်တိုင်း ကာဟန်ဒရာကမူ ဂျာဗားယဥ်ကျေးမှုကို လူသိများစေရန် ခွေးလက်ထပ်ပွဲ စီစဥ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အင်ဒိုနီးရှားတွင် အနိမ့်ဆုံး လစဥ် လုပ်အားခမှာ ရူပီယာ (၄.၉) သန်းဖြစ်ပြီး နိုင်ငံလူဦးရေ သန်း (၂၇၀) ၏ (၁၀) ပုံ (၁) ပုံမှာ ဆင်းရဲမွဲတေမှုနှုန်းအောက် ရောက်နေကြောင်း ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

Source: Straits Times, Jakarta Post

Photo: The Jakarta Post/CNN Indonesia