အီရန်နိုင်ငံ ဒုတိယသမ္မတ Ms. Massoumeh Ebtekar တွင် ကိုရိုနာဗိုင်းရပ်စ်(COVID 19)ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က အတည်ပြုလိုက်သဖြင့် အီရန်အစိုးရအဖွဲ့အတွင်း (၇) ဦးမြောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အစိုးရအဖွဲ့ဝင် ဖြစ်လာသည်။
အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကူးစက်ခံထားရသည်ကို ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၌ အတည်ပြုထားခြင်းဖြစ်သည်။
အီရန်နိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့အထိ အတည်ပြုလူနာ ( ၂၄၅ ) ဦးနှင့် သေဆုံးသူ (၂၆)ဦးရှိနေ၍ တီဟီရန်တွင် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့၌ ကျင်းပမည့် ဆုတောင်းပွဲကို အီရန်တာဝန်ရှိသူများက ဖျက်သိမ်းထားရကြောင်း သိရသည်။
ယင်းအပြင် COVID 19 ကူးစက်ပျံ့နှံ့နေသဖြင့် အီရန်နိုင်ငံသို့ တရုတ်နိုင်ငံသားများ ဝင်ရောက်မှုကို ပိတ်ပင်ထားပြီး ပြည်နယ် (၁၄)ခုရှိ ကျောင်းများနှင့် တက္ကသိုလ်များကို ဖေဖေါ်ဝါရီလ (၂၃)မှစ၍ ပိတ်ထားရခြင်းဖြစ်သည်။
ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID 19)အခြေအနေမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နေ့လည်ပိုင်းအထိ နိုင်ငံပေါင်း(၅၀)ကျော်တွင် ကူးစက်ခံရသူ (၈၃,၃၉၁)ဦးရှိနေပြီး သက်သာပျောက်ကင်းသူမှာ (၃၆,၅၇၆)ဦးရှိသော်လည်း သေဆုံးသူမှာ (၂,၈၅၈)ဦးရှိကြောင်း သိရသည်။
Ref: NewsYorkTimes