ဩစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဆစ်ဒနီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် လူဦးရေ ထောင်နှင့်ချီ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက ဇူလိုင် (၃) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆစ်ဒနီမြို့ အနောက်ပိုင်းတစ်နေရာတည်းမှာပင် ရွှေ့ပြောင်းရန် ညွှန်ကြားချက် (၁၈) ခု ထုတ်ပြန်ထားပြီး နောက်ထပ် သတိပေးချက်များ ထပ်မံထုတ်ပြန်လာမည်ဟု BBC သတင်းက ဖော်ပြသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုပြီး ဆည်ရေနှင့် မြစ်ရေလျှံမှုများ အားလုံးပေါင်းဆုံကာ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် Newcastle မြို့မှ New South Wales (NSW) ပြည်နယ် Batemans Bay မြို့အထိ ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ဒေသစံတော်ချိန် ဇူလိုင် (၃) ရက် ညပိုင်းတွင် မိုးပိုမို ရွာသွန်းနိုင်ကြောင်းနှင့် နောက် (၂) ရက်အတွင်း မိုးသည်းထန်မှုများ ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း ခန့်မှန်းထားသည်။
"ဒါက အသက်အန္တရယ်ရှိတဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်" New South Wales ပြည်နယ် အရေးပေါ်ဌာနများဆိုင်ရာ ဝန်ကြီး Stephanie Cooke က ပြောသည်။
ယခု ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ထားသည့် ဧရိယာတွင် မတ်လအတွင်းကလည်း ရုတ်တရက် ရေကြီးမှုများကြောင့် လူ (၂၀) ဦး သေဆုံးခဲ့သည့် ဧရိယာဖြစ်သည်။
"ရုတ်တရက် ရေကြီးမှုတွေ၊ မြစ်ရေလျှံမှုတွေနဲ့ ကမ်းရိုးတန်းတိုက်စားမှုတွေ စတဲ့အန္တရာယ်ပေါင်းစုံ ကျွန်မတို့ ရင်ဆိုင်နေရတယ်" ဟု Stephanie Cooke က ပြောခဲ့သည်။
ဩစတြေးလျမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ နေရာအချို့တွင် မိုးရေချိန် (၁၃) လက်မကျော် (၁၄) လက်မနီးပါးအထိ ရွာသွန်းခဲ့ကြောင်းနှင့် Nepean မြစ်ကြောင်းတစ်လျှောက် ရေကြီးမှုအန္တရာယ်ရှိကြောင်း သိရသည်။
ဆစ်ဒနီမြို့ရှိ အဓိက ရေလှောင်ဆည်တွင် ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းမှကပြီး ရေလျှံကျခဲ့ရာ အာဏာပိုင်တွေအတွက် နောက်ထပ် စိုးရိမ်ပူပန်စရာဖြစ်လာသည်။
အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲနေကြောင်းနှင့် သတိပေးချက်ရသည်နှင့် ရွှေ့ပြောင်းကြရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင့် ပြည်သူလူထုကို Stephanie Cooke က တိုက်တွန်းထားသည်။
လွန်ခဲ့သည့် (၂၄) နာရီအတွင်း အရေးပေါ်ဌာနက ရေကြီးမှုအတွင်း ကယ်ဆယ်မှု (၈၃) ကြိမ် လုပ်ဆောင်ခဲ့ကြောင်းလည်း သူမက ဆိုသည်။
"လူတွေက အကြံပြုချက်ကို သေချာဂရုမစိုက်ကြတာ တွေ့ရတယ်။ ဒီရေကြီးမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်နေပါတယ်" ဟု Stephanie Cooke က ပြောခဲ့သည်။
အများပြည်သူအနေဖြင့် ယခုအချိန်တွင် မလိုအပ်သည့် ခရီးသွားလာမှုများ မလုပ်ကြရန်လည်း သူမက တောင်းဆိုခဲ့သည်။
ဩစတြေးလျအစိုးရက NSW ပြည်နယ်အတွင်း သဲအိတ်များချထားရာတွင် ကူညီရန်အတွက် စစ်သား (၁၀၀) နှင့် ကယ်ဆယ်ရေးတွင် ပါဝင်ကူညီရန် ရဟတ်ယာဥ် (၂) စီးကို စေလွှတ်ခဲ့ကြောင်း သိရသည်။
ရာသီဥတုပြောင်းလဲမှုနှင့် လာနီညာ (La Niña) ရာသီဥတုဖြစ်စဥ်တို့ကြောင့် ရေကြီးမှု အရေးပေါ်အခြေအနေ ပိုမိုဆိုးရွားစေကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ဩစတြေးလျတွင် လာနီညာဖြစ်စဥ်ကြောင့် မိုးရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်းနှင့် နေ့အပူချိန်လျော့ကျမှုများ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်စေနိုင်ကြောင်း သိရသည်။
Source: BBC, Reuters, CNN
Photo: EPA, NSW State Emergency Service,