နိုင်ငံတကာတွင် မျက်နှာပန်းမလှသည့် ရုရှားနှင့် မြန်မာစစ်အုပ်စုတို့ အပြန်အလှန် အားပေးထောက်ခံနေ

နိုင်ငံတကာတွင် မျက်နှာပန်းမလှသည့် ရုရှားနှင့် မြန်မာစစ်အုပ်စုတို့ အပြန်အလှန် အားပေးထောက်ခံနေ
By Mr John

ရုရှားက မြန်မာစစ်အုပ်စု၏ နိုင်ငံတည်ငြိမ်ရေးနှင့် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် အားထုတ်ကြိုးပမ်းမှုများကို အားပေးထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ (၃) ရက်နေ့ မြန်မာခရီးစဥ်တွင် ပြောခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦး သေဒဏ်စီရင်မှု၊ အာဆီယံ ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုတို့ကြောင့် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများကြား ဝေဖန်ရှုတ်ချမှုများရှိနေစဥ် ရုရှားကမူ စစ်အုပ်စုလုပ်ရပ်များကို အားပေး‌ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြောလာခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကျဥ်မှုနှင့် အနောက်အုပ်စု အစိုးရများက အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်နေရသည့် မြန်မာစစ်အုပ်စုမှာ အဓိက မဟာမိတ်နှင့် လက်နက်ထောက်ပံ့သူ ရုရှားနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေရန် အသည်းအသန် လုပ်ဆောင်နေသည်။ 

ရုရှားက ၎င်း၏အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ရာ ကမ္ဘာ့နိုင်ငံအများစုက ကန့်ကွက်ရှုတ်ချကြသော်လည်း မြန်မာစစ်အုပ်စုက ထိုလုပ်ရပ်မှာ တရားမျှတသည်ဟု ပြောခဲ့သည်။

ယခင်က နှစ်နိုင်ငံကြား စစ်တပ်ဆိုင်ရာကိစ္စများတွင်သာ အဓိက ဆက်ဆံရေးရှိခဲ့သော်လည်း ယခုအခါ နိုင်ငံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် လူသာချင်းစာနာထောက်ထားမှု အကူအညီ အစရှိသည့်ကိစ္စရပ်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ၏ ဩဂုတ်လ (၃) ရက် နေ့ချင်းပြန် မြန်မာခရီးစဥ်အတွင်း ဆွေးနွေးရန်ရှိကြောင်း ထိုခရီးစဥ်မတိုင်မီ ရုရှားက ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က မြန်မာခရီးစဥ်အတွင်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။ 

၎င်းက မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

Source: AFP