စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနီးရှိ ကျေးရွာများအား ဝင်ရောက် အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်၏ တပ်မ(၃၃)နှင့် ပျူစောထီးအဖွဲ့များကို ခုခံပိတ်ဆို့ တိုက်ခိုက်ရာမှ အထိနာသွားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းဖြင့်ပါ ပစ်ခတ်ကြောင်း ဗမာ့ဇာမဏီတပ်ဖွဲ့ ( Burma Phoenix Organization - BPO )က ဧပြီလ(၂၃)ရက်နေ့တွင် ထုတ်ပြန်လာသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းက စုပေါင်း အင်အား (၁၀၀)နီးပါးဖြင့် ညောင်ပင်ရှည် ကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံအရပ်သား ပြည်သူများအား ညှင်းပမ်းနှိပ်စက်ခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်နေသည့်အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဗမာ့ဇာမဏီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ စုပေါင်းကာ ရွာကို ကြားညှပ်၍ ခုခံပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အထိနာသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ အုန်းတော ယန္တရားတပ်မှ သံချပ်ကာ ကားများနှင့် MI-35 ရဟတ်ယာဥ်များပါ လာရောက်ပစ်ခတ်ခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲတွင် လက်နက်ကြီးကျည်ကြောင့် ဗမာ့ဇာမဏီတပ်ဖွဲမှ ရဲ ဘော် (၃) ဦး၊ မဟာမိတ် တပ်ဖွဲမှ (၂) ဦး "မစိုးရိမ်ရ" ဒဏ်ရာရရှိခဲ့ပြီး Zero ပြောက်ကျားတပ်ဖွဲ (မြင်းခြံ)မှ တပ်ဖွဲဝင်တစ်ဦးမှာ မြစ်ကိုဖြတ်ကူး၍ ဆုတ်ခွာစဥ် ရေစီးနှင့်မျောပါ ကျဆုံးခဲ့ရကြောင်း သိရသည်။