မြစ်သာမြို့အ‌ရှေ့ဘက်ကမ်းရှိ ရေရှင်ရွာတွင် စစ်ကောင်စီတပ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဘက်က (၁၀)ဦးထက်မနည်းသေဆုံးပြီး PDF ဘက်က (၁)ဦး ကျဆုံး

မြစ်သာမြို့အ‌ရှေ့ဘက်ကမ်းရှိ ရေရှင်ရွာတွင် စစ်ကောင်စီတပ်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်ဘက်က (၁၀)ဦးထက်မနည်းသေဆုံးပြီး PDF ဘက်က (၁)ဦး ကျဆုံး
ဧပြီ 23, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြစ်သာမြို့အ‌ရှေ့ဘက်ကမ်းရှိ ရေရှင်ရွာကို ဧပြီလ(၂၂)ရက်နေ့က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ပါ ပျူစောထီးများနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေပြီး PDF-Kalay ဘက်က (၁)ဦး ကျဆုံးခဲ့ကြောင်း Chinland Defence Force(Kalay-Kabaw-Gangaw)က ယနေ့ဧပြီလ(၂၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ကျောက်ပြုတ်ရွာနှင့် အင်ကျွန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ရာဂဏန်းဝန်းကျင်တို့ဖြင့် စစ်ကြောင်းထိုးလာရာ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ရေရှင်ရွာဘက်မှ သာမက ကြံသာရွာဘက်မှလည်း မြစ်သာမြစ်နားအထိ တိုးကပ်လာသည့်အပြင် ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ကြ ကြောင်း သိရသည်။

တစ်နေကုန်တိုက်ပွဲဖြစ်ပြီး  PDF-Kalay တပ်ရင်း(၇)မှ ရဲဘော်(၁)ဦး လက်နက်ကြီးကျည်ကြောင့် ကျဆုံးခဲ့ရကာ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညနေ(၆)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များ အင်ကျွန်းရွာဘက်သို့ ပြန်လည်ဆုတ်ခွါသွားကြပြီး ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရေရှင်ရွာမှ နေအိမ်(၇)လုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးခြင်းကြောင့် ရေရှင်ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။