စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင်အတွင်း၌ ယနေ့ ဧပြီလ (၃)ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်ဆန္ဒပြခဲ့ကြသဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်သားများဝင်ရောက်ကာ အကြမ်းဖက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အကျဉ်းထောင်အတွင်းမှ "ဒို့ပြည်သူတွေ ညီရဲ့လားဟေ့"ဆိုသည့် ကြွေးကြော်သံကြားပြီးနောက် စစ်ကားများရောက်ရှိလာကြကာ သေနတ်ပစ်ဖောက်၍ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာအကျဥ်းထောင်အတွင်း အပြစ်မဲ့ အဖမ်းဆီးခံရသော ပြည်သူများက မတရားမှုကို မလိုလားသဖြင့် ထောင်တွင်းသပိတ် ဆင်နွှဲနေပြီး အခြေအနေ တင်းမာနေသဖြင့် အရေးပေါ် ဖောက်ခွဲမှုများကို ပြုလုပ်မည်ဖြစ်၍ မုံရွာမြို့ရှိ မိဘပြည်သူများကို ရောက်ရာနေရာမှ အိမ်သို့ပြန်ရန် ညနေ(၅)နာရီခွဲမှစ၍ ဒေသ PDF အဖွဲ့များက အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ညနေ(၆)နာရီဝန်းကျင်တွင် မုံရွာမြို့ပေါ်ရှိ အာဏာသိမ်း စစ်အုပ်စုပိုင် Mytel ရုံးရှေ့၌ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများက ရမ်းသမ်းပစ်ခတ်ခဲ့ကာ မြို့တွင်းကင်းလှည့်နေခဲ့သည်ဟု သိရသည်။