KNU ၏ ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီလ၏ တလတာ ကာလအတွင်း တိုက်ပွဲ(၂၉၈)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား နှင့် BGF (၃၀၀)ကျော် သေဆုံး

Photo: KNU
Photo: KNU
KNU ၏ ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီလ၏ တလတာ ကာလအတွင်း တိုက်ပွဲ(၂၉၈)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား နှင့် BGF (၃၀၀)ကျော် သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အပါအဝင် ၎င်းတို့၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲ(၂၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် BGF တပ်သား (၃၀၀)ကျော်သေခဲ့ကြောင်း KNU က ယနေ့မတ်လ(၆)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား ဖေဖော်ဝါရီ အတွင်း တိုက်ပွဲများတွင်  အာဏာသိမ်းစစ်ကောင်စီ၏တပ် နှင့် နယ်ခြားစောင့်တပ် BGF တို့ဘက်မှ (၃၀၅)ဦးသေဆုံးပြီး (၂၀၉) ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ ၏ ကား (၃၅)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း KNLA နှင့် KNDO တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၆)ဦး အသက်စွန့်ခဲ့ရပြီး (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တို့သည် ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီး အလုံး(၄၀၀)ကျော်ပစ်ခတ်ခဲ့ပြီး  တပ်မဟာ(၅)အတွင်းကို လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများနှင့် လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်းတို့ကြောင့် ပြည်သူ(၇)ဦးသေဆုံးခဲ့ရပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်၊ လက်နက်ကြီး၊ လေယာဉ်ဗုံးကြဲမှုများကြောင့် ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ (ဘိတ်) ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်မှ ပြည်သူ(၇၀,၀၀၀)ကျော် ကျေးရွာများကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။