ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိ ၊ လယ်ဒို နှင့် မူးမြို့နယ်တို့တွင် ဇန်နဝါရီလ၏ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ( ၁ ) ဦး သေဆုံးပြီး ( ၈ ) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ( ၂ ) ကျောင်းနှင့် နေအိမ် ( ၄ ) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ယနေ့ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင် ဆောထိ ( ရွှေကျင် ) မြို့နယ်တွင် စစ်ကောင်စီတပ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၄ ) ရက်နေ့ ည ( ၉ ) နာရီခွဲတွင် ဝိုင်းကျွန်း ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ( ၁၆ ) နှစ်ရှိ မဝင်းပပသိန်း နှင့် မောင်အောင်မြင့်မြတ်တို့ ( ၂ )ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့ နေ့လည် ( ၁၂ ) နာရီခန့်တွင် လေယာဉ်ဖြင့် ညောင်ပင်ကြီးကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ အေးမြအောင် ဘုန်းကြီးကျောင်းနှင့် ကျောင်းသစ်ကျောင်း ဘုန်းကြီးကျောင်း ( ၂ ) ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာနေ ဒေသခံ ( ၄ ) ဦးဖြစ်သည့် မောင်ထက်လင်းနိုင် ၊ ဦးကျော်ဇင်လင်း ၊ ကိုနေဝင်းထွန်း နှင့် ကိုအေးသေးသေး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆောထိမြို့နယ်အတွင်း ခမရ(၂၀) နှင့် ခလရ(၂၆၄)တပ်တို့သည် ဘိုကုန်းရွာမှ နေပြီး ညောင်ပင်ကြီးကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာဒေသခံ ( ၂ ) ဦး၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ (၂၈) ရက်နေ့ နေ့လည် ( ၁၂ ) နာရီခွဲခန့်ကလည်း ညောင်လေးပင်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ပျဉ်ရေကျေးရွာအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ဒေသခံ ဒေါ်စန်းမြင့် အသက် (၆၉) နှစ် ဗုံးစထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
မူး ( မုန်း ) မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၅ ) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကုန်းချောင်းဝမှနေပြီး လက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရာ ရေလဲအနောက်ဖက်ကမ်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင် နေအိမ် ( ၁ ) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
လယ်ဒို ( ကျောက်ကြီး ) မြို့နယ်တွင်လည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၂၇ ) ရက်နေ့ ည ( ၈ ) နာရီခန့်တွင် ကုန်းချောင်းဝရှိ စစ်ကောင်စီတပ်မှ ( ၁၂၀ ) မမ လက်နက်ကြီး ( ၂ ) လုံးပစ်ခတ်ခဲ့ရာ နတ်တလင်း ကျေးရွာအတွင်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ( ၁၄ ) နှစ်ရှိ မအိအိ နှင့် အသက် ( ၈၄ ) နှစ်ရှိ ဒေါ်ဖွားဖွားတို့ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ( ၁ ) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်း ထိုးခြင်းများကြောင့် KNU ထိန်းချုပ်နယ်မြေ ခလယ်လွီထူ ( ညောင်လေးပင်ခရိုင် ) အတွင်း ဒေသခံ လေးသိန်းကျော် ( ၄၃၀,၁၆၁ ) ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KPSN ( Karan Peace Support Network ) ၏ အစီရင်ခံစာအရ သိရသည်။
Photo: KNU