ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်နေ

ယင်းမာပင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်နေ
ဖေဖော်ဝါရီ 28, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ် (၄)စီးဖြင့် လာရောက်ခေါ်ဆောင်သွားပြီး အနီးရှိ သပြေအေးရွာကို ရဟတ်ယာဉ် (၂) စီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ချင်းပုန်းရွာအနီးတွင် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့က ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ သင်တန်းဆင်းပွဲရှိသည့် အချိန်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီး ကျေးရွာတွင်း ဝင်လာခဲ့ကာ ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် မူကြိုကျောင်းအတွင်း ကလေးအများအပြားနှင့် ဒေသခံများအား ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ကျေးရွာအတွင်းသို့ စီးနင်းချိန် ချင်းပုံးရွာရှိ မူကြိုကျောင်းတွင် အသက်(၅)နှစ်အောက် ကလေးငယ်အများအပြားနှင့် ကွန်ပြူတာ သုံးစွဲမှုသင်ကြားနေသည့် အသက်(၁၂)နှစ်အောက် ကလေးငယ်များ ပညာသင်ကြားနေချိန်ဖြစ်ရာ အာဏာသိမ်းတပ်က ကလေးများကို ထိန်းသိမ်းထားပြီး  ချင်းပုန်းကျေးရွာအတွင်း တပ်စွဲခဲ့ကြခြင်းဖြစ်သည်။

ရွာတွင်းတပ်စွဲနေထိုင်စဉ် ကျေးရွာအား မီးရှို့မည်ဟု ခြိမ်းခြောက်မှုများလုပ်ခဲ့ပြီး ယနေ့ နံနက် ကျေးရွာမှ ထွက်ခွာစဉ်တွင် ဒေသခံ (၄)ဦးကို ဓါးစာခံအဖြစ် ဖမ်းခေါ်သွားကာ ကျေးရွာတွင်း၌ အာဏာသိမ်းတပ်က ညှင်းပန်းသတ်ဖြတ်ထားသည့် ဒေသခံ (၉)ဦး၏ ရုပ်အလောင်းများကို တွေ့ရကြောင်း သိရသည်။

ယင်းအပြင် ကျေးရွာတွင်းမှ ဆိုင်ကယ်(၅၉)စီး၊ ကား(၄)စီးဆုံးရှုံးကာ မူကြိုကလေးအချို့လည်း ပျောက်နေကြောင်း သိရသည်။



ချင်းပုန်းကျေးရွာကို ဝင်စီးသည့် အာဏာသိမ်းတပ်သည် အနီးရှိ သပြေးအေးကျေးရွာကိုလည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ကာ ကျေးရွာတွင်း တပ်စွဲပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အချို့ ဖျက်ဆီးမီးရှို့ခံထားရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် ဝင်ရောက်စီးနင်းနေသဖြင့် ချင်းပုန်း၊ သပြေအေးရွာများအပြင် အနီးဝန်းကျင်ရှိ ကျောက်ပြုတ်၊ မိုးကောင်း၊ အိုးဖိုကျေးရွာများမှလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။