ဆီကားများကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ကို PDF က ဝင်တိုက်ခိုက်ရာ  ဗိုလ်တစ်ဦး အပါအဝင် (၂)ဦး သေဆုံး

ဆီကားများကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ကို PDF က ဝင်တိုက်ခိုက်ရာ  ဗိုလ်တစ်ဦး အပါအဝင် (၂)ဦး သေဆုံး
ဖေဖော်ဝါရီ 25, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဆီကားများအား ငွေကြေးတောင်းခံနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်တိုက်ရာ အာဏာသိမ်းတပ်၏ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ပခုက္ကူ - ချောင်းဦးလမ်းမကြီးပေါ်တွင် ဆီတင်ကားများအား ငွေကြေးကောက်ခံနေချိန် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ သေဆုံးသူ (၂) ဦးထံမှ MA-5 တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြို PDF က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၂၃) ရက်၊ ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊  ရေပြာရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ် (၃)မြို့နယ် (ပ.က.ဖ)များပူး ပေါင်း၍တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင်  (၅)ဦးသေဆုံးခဲ့‌သည်။