မန္တလေးမြို့ စိန်ပန်းရပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားဖြင့် ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီး

 စိန်ပန်းမြေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်
စိန်ပန်းမြေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်
မန္တလေးမြို့ စိန်ပန်းရပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားဖြင့် ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီး
ဖေဖော်ဝါရီ 9, 2022 | အခြားဒေသများ

မန္တလေးမြို့ စိန်ပန်းရပ်၊ သံလျှက်မှော်အနောက်ရပ်ကွက်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက  စီးနင်းဝင်ရောက်ခဲ့ပြီး လိုက်လံစစ်ဆေးနေပြီး နေ့လယ်ပိုင်းတွင် နေပူရွာကို ထပ်တိုးအင်အားဖြည့်၍ စစ်ဆေးနေကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါရပ်ကွက်ကို စစ်ကောင်စီတပ်က နံနက် ၅ နာရီဝန်းကျင်ကတည်းက အင်အား (၂၀၀) ခန့်ဖြင့် ဝင်ရောက်ကာ နေအိမ်များကို အိမ်ထောင်စုစာရင်းတောင်းခြင်း၊ အိမ်အတွင်းဝင်ရောက်စစ်ဆေးခြင်းများပြုလုပ်နေပြီး ဖမ်းဆီးခံရသူများပြားကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ပြောသည်။

အခုချိန်ထိ ဘယ်မှ ထွက်ခွင့်မပေးသေးဘူး။ လမ်းတွေပိတ်ထားတယ်။ အိမ်တွေမှာ ဧည့်သည်လူပိုရောက်နေလည်း ဖမ်းတယ်။တချိုလူတွေလည်း ဘာလို့ဖမ်းမှန်းမသိဘူး။ ဖမ်းသွားတယ်။

ဟု သံလျှက်မှော်အနောက်ရပ်ကွက်နေထိုင်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရပ်ကွက်အတွင်းမှ နေအိမ်တစ်အိမ်တွင် မိသားစုလိုက်ဖမ်းဆီးခံခဲ့ရပြီး  တချို့အိမ်များတွင်လည်း မိသားစုဝင်တချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။

နေ့စဥ်ဖွင့်သည့် ဝေယံထွန်းစျေးခေါ် ၄၁ လမ်း၊ ကုန်စိမ်းတန်းညစျေးကိုလည်း စျေးပိတ်ခိုင်းထားပြီး အဆိုပါစျေးလမ်းကိုပါ စစ်တပ်ဖြင့် ပိတ်ထားကြောင်း သိရသည်။

ယမန်နေ့ည (ဖေဖော်ဝါရီလ ၈ ရက်နေ့ ) ညကလည်း စိန်ပန်းရပ် မဟာလူမှုကူညီရေးပရဟိတအသင်းကို သေနတ်ပစ်ဖောက်ဝင်စီးခဲ့ပြီး ပရဟိတသမား (၃) ဦးကို လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။