ကရင်ပြည်နယ် မြဝတီဒေသ ရွှေကုက္ကိုလ်နှင့် KK Park မှ ကျားဖြန့်ခေါင်းဆောင် (၇)ဦးကို ဖမ်းဆီးရမိထားသည်ဟု ကရင်ပြည်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
BGF က ဖမ်းဆီးရရှိထားသည့် ကျားဖြန့်ခေါင်းဆောင်များမှာ ပြစ်မှုများ ရှိနေသူများဖြစ်ပြီး တရုတ်နိုင်ငံသား(၆)ဦးနှင့် ဂျပန်နိုင်ငံသား တစ်ဦးတို့ပါဝင်ကာ ၂၀၂၅ခုနှစ် မတ်လ (၁၆)ရက်နေ့တွင် တရားခံလွှဲပြောင်းရေးအစီအစဉ် ရှိလာနိုင်သည်ဟု ဆိုသည်။
“ဒီလိုအခြေအနေမှာတော့ သူတို့က(ကျားဖြန့်ခေါင်းဆောင်) စူပါမန်းတွေပဲလေ။ လုပ်ငန်းရှင်တွေသည် ဒီလုပ်ငန်းနေရာမှာ ဘယ်နေမလဲ ငွေကြေးချမ်းသာတဲ့သူဆိုတော့ အဝေးတစ်နေရာကနေပဲ ထိန်းချုပ်မှာပေါ့။ ဒါပေမယ့် ဒီအထဲမှာရှိတဲ့ အရေးပါတဲ့ ပြစ်မှုတွေကျူးလွန်ထားတဲ့ ခေါင်းဆောင်တွေကိုတော့ ထိန်းသိမ်းထားတာရှိတယ်။ တရားခံဆိုတော့ တရားခံပုံစုံမျိုးလွှဲပြောင်းရမှာပေါ့။ ဂျပန်တစ်ဦးနဲ့ဆို (၇) ဦးပေါ့။ တရားခံလွှဲပြောင်းရေးကိစ္စက G to G လုပ်ရမယ့် ကိစ္စတွေဖြစ်တယ်။”ဟု BGF မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ပြောသည်။
လက်ရှိတွင် မြဝတီဒေသတွင်း၌ ကျားဖြန့်တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၏ ဈေးဆိုင်၊ KTV နှင့် ဟိုတယ်လုပ်ငန်းများသာ ကျန်ရှိတော့ကာ ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ မရှိတော့ကြောင်း ၎င်းကဆိုသည်။
“ကျားဖြန့်နဲ့ပတ်သက်တာတွေတော့ မရှိတော့ဘူး။ ကျန်တဲ့ဟာတွေကတော့ KTV တို့ ဟိုတယ်တို့ကတော့ မြို့အင်္ဂါရပ်နဲ့အညီ သူ့ဟာသူ လည်ပတ်နေတာတော့ရှိတာပေါ့။ အကုန်လုံး ထမင်းအိုးမှောက်လို့မရဘူးလေ။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆက်ပြောသည်။
ကျားဖြန့်လုပ်ငန်းနှင့်ပါတ်သက်သည့် အဆောက်အဦးများကို ပိတ်သိမ်းအရေးယူခြင်းသာရှိပြီး မည်မျှပိတ်သိမ်းထားပြီနှင့် အဆိုပါအဆောက်အဦးများကို မည်သို့ဆောင်ရွက်မည်ကိုမူ သူက အသိမပေးပေ။
လက်ရှိတွင် ကျားဖြန့်လုပ်ငန်းထံ လူကုန်ကူးခံရသူ (၄၀၀၀)ဦးဝန်းကျင်ကို BGF က ထိန်းသိမ်းထားဆဲဖြစ်ပြီး တရုတ်နိုင်ငံသား(၂၀၀၀)ကျော် ကျန်ရှိနေသေးကာ အင်ဒိုနီးရှားနိုင်ငံသား အများဆုံး ကျန်နေသည်ဟုလည်း ဆိုသည်။
“ကျန်တဲ့နိုင်ငံသားတွေကို ဘာကြောင့်လာမခေါ်သေးတာလဲဆိုတာ ကျွန်တော့်ကိုမေးလို့ ဘယ်သိမလဲ။ သူတို့ကို မေးမှရမယ်လေနော်။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံသား (၈၀၀)ကျော်ကို တရုတ်နိုင်ငံက မြဝတီလေဆိပ်မှတဆင့် (၃)ကြိမ် လာရောက်ခေါ်ယူသွားခဲ့ပြီး ယခုတစ်ကြိမ်တွင် လေယာဉ်ဖြင့် နှစ်ကြိမ် ခေါ်ယူရန်ရှိနေသည်ဟု သိရသည်။
အဆိုပါ နိုင်ငံခြားသား (၄၀၀၀)ကျော်အတွက် တစ်ရက်လျှင် ဘတ်(၂)သန်းကျော် အကုန်အကျခံနေရပြီး စစ်ကောင်စီဘက်က ထောက်ပံ့ပေးခြင်းမရှိဟုလည်း BGFက ဆိုသည်။
“အစိုးရပိုင်းက ငွေကြေးထောက်ပံ့ပေးတာမရှိပါဘူး။ နောက်ဆုံး အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေ တောင်မှ ခက်ခက်ခဲခဲနဲ့ လိုက်စုပြီးတော့ မော်တော်ယာဉ်တွေ လည်ပတ်နေတာ။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်နေတာ မပြီး သေးဘူး။ ခေတ္တခဏရပ်နားလိုက်တာ။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
သို့သော်လည်း BGF အနေဖြင့် လူထောင်ချီ ဖမ်းဆီးခြင်းကို မလုပ်နိုင်သော်လည်း ပြန်ပို့နိုင်သော အလျင်မီသည့် လူ(၁၀၀)ဝန်းကျင်အထိကို လစဉ်ဖမ်းဆီးအရေးယူမည့် အစီအစဉ်လည်းရှိနေသည်။
တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် စစ်ကောင်စီနှင့်သာ ဆွေးနွေးပြီး နိုင်ငံခြားသားလွှဲပြောင်းရေးကိစ္စကို စစ်ကောင်စီဘက်ကသာ တာဝန်ယူသည်ဟု ဆိုသည်။
BGF သည် ရှာဖွေဖမ်းဆီးခြင်း၊ ကယ်ဆယ်ခြင်းများကိုသာလုပ်ကိုင်၍ စစ်ကောင်စီထံအပ်နှံခြင်းဖြစ်ကာ ထိန်းသိမ်းထားခြင်းနှင့် ချစ်ကြည်ရေးတံတားမှတဆင့် ပို့ဆောင်ရာတွင် လိုက်ပါပို့ဆောင်ပေးခြင်း စသည့်တာဝန်များကို ယူထားသည်ဟု ဆိုသည်။
ထိန်းသိမ်းထားသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများက အမြန်ဆုံးပြန်ခေါ်ရန်လည်း BGF ဘက်က တောင်းဆိုထားသည်။
#TachileikNewsAgency