ရေစကြိုအခြေစိုက် ခမရ(၂၅၈)မှ တပ်သားတစ်ဦး PDF နှင့် ဆက်သွယ်ပြီး CDM ပြုလုပ်လာ

ရေစကြိုအခြေစိုက် ခမရ(၂၅၈)မှ တပ်သားတစ်ဦး PDF နှင့် ဆက်သွယ်ပြီး CDM ပြုလုပ်လာ
ဇန်နဝါရီ 31, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခမရ (၂၅၈) တပ်ရင်းမှ တပ်သား အာဘဲလက်သည် MA-2 (၁)လက်၊ ကျည်ဗောက် (၅) ဗောက်၊ ကျည် (၁၃၅) တောင့်နှင့်အတူ CDM ဝင်လာကြောင်း ရေစကြို PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းသည် CDM ပြုလုပ်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အလင်းဝင်ပူးပေါင်းလာခဲ့ခြင်းဖြစ်ပြီး ၎င်းအားလုံခြုံဘေးကင်းရာသို့ ပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံချင်သူများအား ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြိုဆိုလက်ခံနေကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရေစကြိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၂၅၆)၊ ခမရ (၂၅၇)နှင့် ခမရ (၂၅၈)တို့ အခြေစိုက်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၃)ဖွဲ့ပေါင်း၍ ရေစကြိုနှင့် မြိုင်ကြားရှိ လင်းကတော့ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်က စစ်ကူလာရောက်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရပြီး ရဲစခန်းတိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာတွင် တပ်သား (၁) ဦး CDM လုပ်လာသည်ကို တွေ့ရခြင်းဖြစ်သည်။