အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ ပစ္စည်း (၁၉)မျိုး သယ်ဆောင်ခွင့် တားမြစ်

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများသို့ ပစ္စည်း (၁၉)မျိုး သယ်ဆောင်ခွင့် တားမြစ်
ဇန်နဝါရီ 20, 2022 | အခြားဒေသများ

အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်မှုများရှိနေသည့် ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ ကချင်နှင့် မကွေးတိုင်းများဘက်သို့ အဝေးပြေးယာဉ်လိုင်းများ အပါအဝင် မည်သည့်ယာဉ်ဖြင့်မှ သယ်ဆောင်ခွင့် မပြုသည့် ပစ္စည်း (၁၉)မျိုးစာရင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သယ်ဆောင်ခွင့် မပေးသည့် ပစ္စည်းများမှာ

ဖုန်း (နှစ်လုံးထက် မပိုရ)နှင့် ဆက်စပ်ပစ္စည်းများ၊ လက်တော့(၂)လုံးထက် မပိုရ၊ CCTV၊ ဒရုန်း၊ ကင်မရာ၊ ဘထ္ထရီနှင့် ဓာတ်ခဲများ၊ မှန်ဘီလူး၊ မှန်ပြောင်း၊ လျှပ်စစ်မီးအိမ်နှင့် ဓာတ်မီး၊ စကားပြောစက်၊ ဝါယာကြိုး၊ ရွှေထည်ပစ္စည်း၊ ကော်၊ စတီးနှင့် သံထည်ပစ္စည်းများ၊ ရေပိုက်(ကော်၊ စတီး၊ သံ)၊ အက်ဆစ်၊ ယမ်းမှုန့်၊ သစ်သား၊ ကျောက်တုံး၊ မီးသွေး၊ အဝတ်အထည်(အများအပြား)၊ ပျောက်ကြားတူညီဝတ်စုံ၊ အစားအသောက်၊ အကြော်အလှော်(အများအပြား)..

တို့ ဖြစ်ကြသည်။

"အဝေးပြေးကားတွေရော၊ တခြားကားတွေပါ အဲဒီပစ္စည်းတွေကို ကုန်တင်ခွင့် ပိတ်ထားတာ။ လုံးဝသယ်ခွင့် မပေးဘူး။"ဟု ကုန်ကား မောင်းသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိတွင် ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ စစ်ကိုင်း၊ ကချင်၊ မကွေးတိုင်းတို့ဘက်တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယင်းတိုက်ပွဲများကြောင့် တိမ်းရှောင်နေရသူများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ကိန်းဂဏန်းများအရ အရှေ့တောင်ပိုင်းတွင် ၂၀၀,၄၀၀ ဦး (၅၃ ရာခိုင်နှုန်း)၊ အနောက်မြောက်ပိုင်းတွင် ၁၅၇,၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ ၃၇၇,၈၀၀ ခန့်ရှိသည်ဟု ထုတ်ပြန်ထားကာ  လူဦးရေ ၂,၈၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်းများ၌ နေထိုင်ရလျက်ရှိသည်ဟု ဆိုသည်။