ကြသောင်းဆိပ်-BGF စခန်းအား KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် သိမ်းယူ

Photo: KNU
Photo: KNU
ကြသောင်းဆိပ်-BGF စခန်းအား KNLA တပ်မဟာ(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် သိမ်းယူ
ဒီဇင်ဘာ 18, 2021 | အခြားဒေသများ

KNU-သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊  ကြသောင်းဆိပ်ကျေးရွာရှိ BGF-၁၀၁၃ တပ်စခန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ (၁) တပ်ရင်း(၁)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့ နံနက် (၆) နာရီ၌ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည(၉)နာရီခွဲအား စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်သွားကြရပြီး ကြသောင်းဆိပ် BGF စခန်းကို ကတိုင်ဒိ BGF စခန်းဘက်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးသဖြင့် ကျေးရွာတွင်း လူနေအိမ်များ ပျက်စီးမှုများရှိကြောင်း သိရသည်။

ကြသောင်းဆိပ်ကျေးရွာ BGF စခန်းအား သိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များအား ည(၁၀)နာရီအချိန်၌ KNLA ပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် BGF ဖက်မှ စခန်းမှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ (၁)ဦးသေ၊ (၃) ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

အဆိုပါ တပ်စခန်းမှာ ၁၉၉၃ ခုနှစ်ဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီတပ်များ လာရောက်တပ်စွဲထားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် BGF အဖွဲ့ကို စေလွှတ်တပ်စွဲခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်း တိုက်ပွဲများတွင် BGF အဖွဲ့များသည် အာဏာသိမ်းအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်မှုများ လုပ်နေခြင်းဖြစ်သည်။