KNU ထိန်းချုပ်နယ်မြေအတွင်း စာသင်ကျောင်းများ ထိခိုက်စေသည့် အကြမ်းဖက်မှုများအား မှတ်တမ်းတင်၍ အချက်အလက်များအား သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးအပ်သွားမည်

KNU ထိန်းချုပ်နယ်မြေအတွင်း စာသင်ကျောင်းများ ထိခိုက်စေသည့် အကြမ်းဖက်မှုများအား မှတ်တမ်းတင်၍ အချက်အလက်များအား သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးအပ်သွားမည်
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

KNU ထိန်းချုပ်နယ်မြေများအတွင်း ကျောင်းများ ၊ ကျောင်းသားများနှင့် ဆရာများကို ထိခိုက်စေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းအတွက် စနစ်တစ်ခု ထူထောင်သွားမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များအား သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံပေးအပ်ကာ အစီအရင်ခံစာများထုတ်ပြန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU ဗဟိုထံမှ သိရသည်။

မှတ်တမ်းတင်ခြင်းစနစ်မှ အချက်အလက်များအား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာညှိနိူင်းရေးရုံး (OCHA)၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၊ ပညာရေးအားတိုက်ခိုက်မှုမှကာကွယ်ရန် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ (GCPEA) နှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ကဲ့သို့သော သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

KNU သည် အစီအရင်ခံစာများကို အသုံးပြုပြီး ကော်သူးလေရှိ ပညာရေးအား အကာအကွယ်ပေးရာ၌ နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုနှင့် ပဋိပက္ခအတွင်း ကလေးများအားလုံး ပညာသင်ကြားခွင့်ကို စည်းရှုံးလှုံ့ဆော်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးပေါ် ကြိုတင်ပြင်ဆင်မှုအနေဖြင့် KNU သည် ပညာရေးအာဏာပိုင်များ ၊ ရပ်ရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အရေးပေါ်အခြေအနေများအတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခြင်း (သို့) ကျောင်းများ ယာယီပိတ်ခြင်းကဲ့သို့သော ရှင်းလင်းသည့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ကျောင်းများနှင့် အနီးရှိ ရပ်ရွာများအတွင်း ဘေးကင်းသည့် ဧရိယာသတ်မှတ်ထူထောင်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုအနေဖြင့် KNU သည် လက်နက်ကိုင် ပဋိပက္ခများအတွင်း ကျောင်းသားများနှင့် ဝန်ထမ်းများအပေါ် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုရှိသည်ကို အသိအမှတ်ပြုပြီး အရေးပေါ်အခြေအနေများအတွင်းနှင့် နောက်ဆက်တွဲအခြေအနေတို့တွင် ကျန်းမာရေး အာမခံမှုရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများကို အခြေစိုက်စခန်း၊ စုဆောင်းနေရာများ (သို့) သိုလှောင်ရုံများအပါအဝင် မည်သည့်စစ်ရေးရည်ရွယ်ချက်အတွက်မှ အသုံးမပြုရဘဲ၊ အဆိုပါ မူဝါဒအား လိုက်နာရန် ကတိပြုပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးနိုင်ရန်အတွက်လည်း ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကော်သူးလေအတွင်းရှိ လူမှုအဖွဲ့အစည်းအားလုံးနှင့် လက်တွဲ၍ ကျောင်းများနှင့် လူမှုအဖွဲ့အစည်းများအား ခြိမ်းခြောက်မှုများဖြစ်လာနိုင်ချေရှိပါက ကြိုတင်သတိပေးနိူးဆော်ရန် နှင့် ရှင်းလင်းသည့် ဆက်သွယ်ရေးလမ်းကြောင်းများအပါအဝင် အခြားကြိုတင်သတိပေးစနစ်များ ထူထောင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

KNU သည် ပဋိပက္ခဖြစ်ချိန်အတွင်း ကျောင်းသားများအား ပိုမိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ပံ့ပိုးပေးမည့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနည်းပညာများအား ဆရာနှင့်ဆရာမများအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကော်သူးလေမှ ကျောင်းသားများအားလုံး အရည်အသွေးပြည့်မီသည့် ပညာရေးကို ရရှိနိုင်သည့် ဘေးကင်းသည့် သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ထားပြီး ၊ ယခုကြေညာချက်ဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း ကော်သူးလေရှိ ကလေးများအားလုံး ပညာသင်ကြားခွင့်အား နိုင်ငံတကာအသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံး ပံ့ပိုးပေးရန် KNU ဗဟိုမှ တိုက်တွန်းထားသည်။

#TachileikNewsAgency