မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အား(၁,၀၀၀)ကျော်ဖြင့် ထိုးစစ်ဆင်နေ၍ ဒေသခံ (၆၀,၀၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Photo: UDLA
Photo: UDLA
မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အား(၁,၀၀၀)ကျော်ဖြင့် ထိုးစစ်ဆင်နေ၍ ဒေသခံ (၆၀,၀၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား(၁,၀၀၀)ကျော်ဖြင့် ထိုးစစ်ဆင်နေခြင်း ကြောင့် ဒေသခံ(၆)သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း Union Defense & Liberation Alliance- UDLA က ယနေ့ဇန်နဝါရီလ(၁၇)ရက်တွင် သတင်းထုတ်ပြန်လာသည်။ 

အကြမ်းဖက်စစ် ကောင်စီတပ်များသည် ဇန်နဝါရီလ(၁၀)ရက်နေ့က စပြီး နေပြည်တော် အထူးတပ်ဖွဲ့များ ပါဝင်သည့် စစ်သားအင်အား (၁,၀၀၀) ကျော်ဖြင့် တပ်ဖြန့်လျက်ထိုးစစ်ဆင်နေသည်မှာ စစ်ကြောင်း (၇) ကြောင်း ဝန်းကျင်ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုကြောင့် ကျေးရွာများမှ ပြည်သူ(၆)သောင်းကျော်၊ မြိုင်မြို့နယ်၏ လူဦးရေ (၄)ပုံ (၁)ပုံခန့် ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ရွာများသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်ကြောင်း များပြားလာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများ ပိုမိုများလာနိုင်ပြီး ၎င်းတို့ အလိုရှိသူများကို အမည်စာရင်း၊ ဓါတ်ပုံနှင့်တကွ ဝင်ရောက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက်စ စ်ကောင်စီတပ်များသည် ရေနံမထွက်ရှိသည့် ကျေးရွာများနှင့် ရေနံကျင်းများကို မီးရှို့ဖျက်စီးခြင်း၊ အချို့နေအိမ်များ၏ အိမ်တိုင်များကို ဓါးများဖြင့် လှီးဖြတ်ကာ အိမ်များ မပြိုရုံတမယ် ခုတ်ဖြတ်သွားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ် အခြားရွာရှိ ပျူစောထီးများနှင့် ပူးပေါင်းကာ နေအိမ်ရှိ တံခါးများအား ဖျက်ဆီးပြီး အတွင်းပစ္စည်းများကို ခိုးယူခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

 မြိုင်မြို့နယ်တွင် ကျေးရွာအုပ်စု(၈၀) ကျော်နှင့် ကျေးရွာစုစုပေါင်း (၃၀၀) ကျော် ရှိသည့် အနက် ကျေးရွာ(၁၀၀) ကျော် မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။