စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်ထုတ်ကုန် ဒဂုံဘီယာ ဖာ(၅၀၀)ဝန်းကျင်ကို သယ်လာသည့်အတွက် ပစ္စည်းများကို တန့်ဆည် ပကဖက ဖမ်းဆီး ဖျက်ဆီးပစ်လိုက်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်အတွင်း ယမန့်ည (၇)နာရီခွဲဝန်းကျင်တွင် ဖြတ်သန်းလာသည့် ကုန်တင်ယာဉ်တစ်စီးအား စစ်ဆေးရာ ဒဂုံဘီယာများတွေ့သဖြင့် တင်ဆောင်လာသည့်ကားဖြင့်ပင် နင်းကြိတ်၍ ဖျက်ဆီးပစ်စေခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်အား အထောက်အပံ့ဖြစ်စေသည့် စစ်တပ်နှင့် ဆက်စပ်လုပ်ငန်းများမှ ထုတ်ကုန်များအား အခြားဒေသများနည်းတူ တန့်ဆည်မြို့နယ်အတွင်း ရောင်းဝယ်ဖေါက်ကား၊ ဖြတ်သန်းသယ်ဆောင်ခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မကြာခဏ အာဏာသိမ်းတတ်သည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင်လည်း မဲစာရင်းအကြောင်းပြ၍ အာဏာသိမ်းထားသည့် စစ်တပ်သည် နှစ်စဉ် နိုင်ငံ့ဘတ်ဂျက်မှ အများဆုံး ရယူသုံးစွဲသည့်အပြင် စစ်တပ်ပိုင်လုပ်ငန်းများ၊ စစ်တပ်ပိုင်ကုမ္ပဏီများနှင့် ဆက်စပ်လုပ်ငန်းများစွာကို အသာစီးယူ လုပ်ကိုင်နေကြခြင်းဖြစ်၍ စစ်အာဏာရှင်ကို တော်လှန်သည့် ပြည်သူများက စစ်တပ်နှင့် ဆက်စပ်ထုတ်ကုန်များကို သပိတ်မှောက်ထားကြခြင်းဖြစ်သည်။