ရေစကြိုမြို့နယ်တွင် ပျူစောထီး ၆ဦး ပစ်ခတ်ခံရပြီးသေဆုံး လက်နက် ၅ လက်သိမ်းဆည်းရရှိ

ရေစကြိုမြို့နယ်တွင် ပျူစောထီး ၆ဦး ပစ်ခတ်ခံရပြီးသေဆုံး လက်နက် ၅ လက်သိမ်းဆည်းရရှိ

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ပျူစောထီး (၆)ဦး သေဆုံးပြီး လက်နက်(၅)လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ ထံမှ သိရသည်။

ဂွေးချိုရွာ ပျူစောထီးစခန်းမှ ပျူစောထီး (၆)ဦးသည် ဆင်ချောင်းရွာသို့ ကားဖြင့်လာစဉ် ဂွေးချိုရွာနှင့် ဆင်ချောင်းရွာကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများကိုင်ဆောင်သည့် ကာဘိုင်(၅)လက်၊ ကျည်ဘောက်(၈)ခု၊ ကျည်(၁၀၆)တောင့်တို့အား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဂွေးချိုရွာက ပျူစောထီး(၆)ဦးပေါ့ ဆင်ချောင်းရွာကူးလာတာ။ ဆင်ချောင်းရွာက ပျူစောထီးခေါင်းဆောင်ဆီသွားတာမှာ ကျွန်တော်တို့က လမ်းခုလပ်မှာ တိုက်ခိုက်ခဲ့တာပါ။  (၆)ဦးလုံးသေတယ်။ လက်နက်က (၆)လက်ရတာမှာ ကျွန်တော်တို့ ပစ်ခတ်လို့ တစ်လက်က ကျိုးသွားတယ်။”ဟု ရေစကြိုမြို့နယ် ပကဖမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက Tachileik News Agencyကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုအပြီးနောက် ဆင်ချောင်းရွာပျူစောထီးစခန်းမှ လက်နက်ကြီးများနှင့်ပစ်ကူပြီး ကားနှစ်စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနောက်သို့ လိုက်လံပစ်ခတ်ခဲ့သည်ဟုလည်း ဆိုသည်။

တိုက်ခိုက်မှုကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ရေစကြိုမြို့နယ် ပကဖ