ရန်ကုန်ဆန္ဒပြပွဲဖြစ်စဉ်သည် အာဏာသိမ်းစစ်တပ်၏ လူ့ကျင့်ဝတ်မဲ့မှုပြယုဂ်ဖြစ်ကြောင်း NUG ထုတ်ပြန်

ရန်ကုန်ဆန္ဒပြပွဲဖြစ်စဉ်သည် အာဏာသိမ်းစစ်တပ်၏ လူ့ကျင့်ဝတ်မဲ့မှုပြယုဂ်ဖြစ်ကြောင်း NUG ထုတ်ပြန်
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

ရန်ကုန်လူထုသပိတ်ကို အာဏာသိမ်းအဖွဲ့က အကြမ်းဖက်မှုကဲ့သို့ အကျည်းတန်သော စက်ဆုပ်ဖွယ်ဖြစ်ရပ်များသည် ဖက်ဆစ်စစ်တပ်၏ လက်နက်ကိုင် အနိုင်ကျင့်လိုသည့် ဖုံးဖိမရသော အမူအကျင့်၊ အပြစ်မဲ့ ပြည်သူမှန်သမျှကို ကြိုက်သလို သတ်ဖြတ်နိုင်သည်ဟုခံယူထားသည့် စစ်တပ်၏ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှု၏ ပြယုဂ်တစ်ခုဖြစ်သည်ဟု  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့က NUG ၏ကြေညာချက်တွင် ဖေါ်ပြထားသည်။

အာဏာသိမ်းအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်၊ ကြည့်မြင်တိုင်မှ ရန်ကုန်လူထုသပိတ်ကို ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ပြီး အာဏာသိမ်းကာလတလျှောက် အလားတူလုပ်ရပ်မျိုးကို (၁၀)ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်ကို NUG က မှတ်တမ်းရယူထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုစီအတွက် ကျူးလွန်သူတစ်ဦးချင်းစီတိုင်းကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အချက်အလက်အထောက်အထားများ ရှာဖွေခြင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၊ တရားရုံးမျာမှတစ်ဆင့် အရေးယူနိုင်ရန် ကြိုးစားခြင်းဖြင့် တရားမျှတမှုကို ပြည်သူနှင့်လက်တွဲ၍ ‌ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သန္နိဌာန်ပြုသည်ဟု ကြေညာထားသည်။

#TachileikNewsAgency