ကြည့်မြင်တိုင်တွင် အာဏာသိမ်းစစ်တပ်၏ ကားဖြင့်ဝင်တိုက်မှုကြောင့် ဖမ်းခံရသူများအနက် (၃)ဦးကို စစ်ဆေးရုံသို့ ပို့ထား

Photo: CJ
Photo: CJ
ကြည့်မြင်တိုင်တွင် အာဏာသိမ်းစစ်တပ်၏ ကားဖြင့်ဝင်တိုက်မှုကြောင့် ဖမ်းခံရသူများအနက် (၃)ဦးကို စစ်ဆေးရုံသို့ ပို့ထား
ဒီဇင်ဘာ 5, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းအဖွဲ့၏စစ်တပ်က ကားဖြင့်ဝင်တိုက်၊ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသွားသူ (၃) ဦးကို စစ်ဆေးရုံသို့ ပို့ထားကြောင်း မျက်မြင်တွေ့ခဲ့ရသူများထံမှ သိရသည်။

ကားတိုက်ခံရတာ (၃)ယောက် သေသွားပြီထင်တာ။ တစ်ယောက်က ကားအောက်မှာ ညှပ်ပါသွားတာ။ ဒါပေမဲ့ မသေဘူး။ သူတို့ကို ဆေးရုံခေါ်သွားတာတွေ့တယ်။ စစ်ဆေးရုံပဲ ပို့တယ်ကြားတယ်။ ဖမ်းခံရတာတော့ အရေအတွက် သေချာမသိဘူး

ဟု အခင်းဖြစ်ရပ်ကို တွေ့မြင်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

စစ်ကားဖြင့် အနောက်မှ ဝင်တိုက်ခံထားရသည့် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၂) ဦးကို စစ်ဆေးရုံပို့ထားပြီး ကျန်ဖမ်းဆီးခံရသူများကို အာဏာသိမ်းတပ်က ခေါ်သွားကြောင်း သိရသည်။

ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ယနေ့နံနက်ပိုင်းက ရန်ကုန်လူထုသပိတ်လုပ်ဆောင်သူများအား အာဏာသိမ်းစစ်တပ်က စစ်ကားဖြင့်အရှိန်ပြင်းပြင်းဝင်တိုက်ကာ ပစ်ခတ်ဖမ်းဆီးမှုလုပ်ခဲ့သည့်အပြင် အနီးဝန်းကျင်မှ အခင်းဖြစ်ရပ်အား မှတ်တမ်းယူသူများကိုပါ ရှာဖွေဖမ်းသွားသည်ဟု သိရသည်။

အခင်းစတင်ဖြစ်ပွားစဉ်က အနီးဝန်းကျင်ရှိသူများကိုပါ သေနတ်ဖြင့် ခြိမ်းခြောက်ထား၍ မျက်မြင်အနေအထားအရ ကားတိုက်ခံရပြီး လမ်းပေါ်တွင် လဲကျခဲ့သူ (၃) ဦးနှင့် ဒဏ်ရာရသွားသူ (၁) ဦးတို့ သေဆုံးသွားသည်ဟု ပြောကြားခဲ့ကြသော်လည်း အခင်းဖြစ်နေရာတွင် သေဆုံးသူမရှိဟု အရေးပေါ်ကူညီခဲ့သူများက ပြောဆိုထားသည်။

 

ဆက်စပ်သတင်း