ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ထိုးစစ်ဆင်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် CDF-MINDAT အကြား တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးဝန်းကျင်သေဆုံးပြီး သေနတ်(၂)လက် သိမ်းဆည်းရမိကြောင်း CDF-MINDAT က ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။
မင်းတပ်မြို့နယ်အတွင်းသို့ ဒီဇင်ဘာလ(၁၇)ရက်နေ့ကစပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-MINDAT နှင့် တိုက်ပွဲအကြိမ်အကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ(၂၄)ရက်နေ့က မင်းတပ်မြို့ပေါ်တွင် ပြောက်ကျားတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိ (၁)ဦးနှင့် ရဲ(၁)ဦးတို့ သေဆုံးပြီး သေနတ်(၂)လက်ကိုလည်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ(၂၆)ရက်နေ့က ချစ်မွှေးရွာတိုက်ပွဲတွင် CDF-MINDAT ၏ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သော်လည်း အာဏာသိမ်းစစ်တပ်ဘက်က (၈)ဦး ဝန်းကျင်သေဆုံးသည့် အပြင် ထိခိုက်ဒဏ်ရာရရှိသူများသည်ဟုလည်း သိရသည်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်သည် မင်းတပ်ဒေသအတွင်း လက်နက်အင်အား၊ လူအင်အားများဖြင့် ထိုးစစ်ဆင်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။