အာဏာသိမ်းတပ်ဘက်မှ ထိုးစစ်ရှိနိုင်၍ စစ်ကိုင်း၊ မကွေး နှင့် ချင်း ဆက်သွယ်ထားသည့်လမ်းပိုင်းများကို တစ်ပတ်ကြာ အသုံးမပြုရန် ယောဒေသကာကွယ်ရေးအဖွဲ့က ပြည်သူကို အသိပေး

အာဏာသိမ်းတပ်ဘက်မှ ထိုးစစ်ရှိနိုင်၍ စစ်ကိုင်း၊ မကွေး နှင့် ချင်း ဆက်သွယ်ထားသည့်လမ်းပိုင်းများကို တစ်ပတ်ကြာ အသုံးမပြုရန် ယောဒေသကာကွယ်ရေးအဖွဲ့က ပြည်သူကို အသိပေး
နိုဝင်ဘာ 15, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်လာနိုင်ဖွယ်အခြေအနေရှိနေ၍ အများပြည်သူအနေဖြင့်  ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၂၁) ရက်နေ့အထိကာလအတွင်း ခရီးသွားလာခြင်း မပြုလုပ်ကြရန် ယောဒေသကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

အာဏာသိမ်းစစ်တပ်က စစ်ကြောင်းချီရာတွင် လမ်းတလျှောက်တွေ့ရသူများကို ဖမ်းခေါ်ကာ လူသားဒိုင်းအဖြစ် အသုံးပြုတတ်ခြင်းများရှိ၍ အဆိုပါ လမ်းပိုင်းများတွင် တစ်ပတ်အတွင်း လုံးဝ(လုံးဝ) ခရီးသွားလာခြင်း မပြုလုပ်ကြရန် Yaw PDF က သတိပေးထားသည်ကို တွေ့ရသည်။

 

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများအား အာဏာသိမ်းတပ်က လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုများ လုပ်ဆောင်လာသဖြင့် ဒေသအလိုက် ရရာလက်နက်ဖြင့် ခုခံတော်လှန်မှုများရှိလာရာ အများပြည်သူအနေဖြင့် ထိခိုက်မှုမရှိစေရေးအတွက် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်လေ့ရှိသည်ကို တွေ့လာရခြင်းဖြစ်သည်။