အရာတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ကား(၂)စီးကို မိုင်း(၇)လုံးဖြင့် တိုက်ခိုက်ရာမှ (၅)ဦးအထက် သေဆုံး

 အရာတော်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ကား(၂)စီးကို မိုင်း(၇)လုံးဖြင့် တိုက်ခိုက်ရာမှ (၅)ဦးအထက် သေဆုံး
အောက်တိုဘာ 14, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ဝါးတန်း နှင့် ကျွန်းဖိုပင်ကျေးရွာအကြားတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား(၂)စီးကို  မိုင်းခွဲတိုက်ခိုက်ရာမှ စစ်တပ်ဘက်က (၅)ဦးအထက် သေဆုံးသည်ဟု အရာတော်ဘုန်းနိုင်အဖွဲ့က အောက်တိုဘာလ(၁၃)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အရာတော်မြို့နယ်အတွင်း ဝါးတန်းကျေးရွာ၏ ဆူးလေကုန်းချောင်းအတက်  ဝါးတန်း နှင့် ကျွန်းဖိုပင်ကျေးရွာအကြားတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့ ညနေ(၃)နာရီကျော်အချိန်က မုံရွာမှ အရာတော်သို့ ရောက်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်(၂)စီးကို မိုင်း(၇)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးအထက် သေဆုံးမှုများရှိခဲ့ပြီး  (၄၅)မိနစ်အကြာတွင် အလောင်းများကို မိုးကာဖြင့်အုပ်ကာသယ်ဆောင်ပြီး  အရာတော်သို့ ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။

မိုင်းခွဲခံရမှုဖြစ်ပွားချိန်တွင် အာဏာသိမ်းစစ်တပ်က စက်သေနတ်အပါအဝင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သော်လည်း အရာတော်ဘုန်းနိုင်အဖွဲ့က အထိအခိုက်မရှိ ပြောက်ကျားနည်းဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ လှုပ်ရှားမှုကို အရာတော်ဘုန်းနိုင်အဖွဲ့က ဦးဆောင်ပြီး သပြေညိုပြောက်ကျားတပ်ဖွဲ့၊ လှော်တက်အင်အားစု နှင့် ဗိုလ်အောင်စည်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။