ငလျင်ဒဏ်သင့် မန္တလေးမြို့တွင် Mytel က ဆင်းကဒ်များ အခမဲ့ပေးဝေနေသည်ဟုဆိုကာ (၃)ရက်အတွင်း ဘေလ်မထည့်ပါက ဖုန်းပိတ်မည်ဟု လုပ်စားနေကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးမြို့ ကျုံးအနောက်ဘက် လမ်း(၈၀)တွင် ငလျင်ဘေးသင့်ပြည်သူတွေကို Mytel က အခမဲ့ ဆင်းကဒ်များ ဖြန့်ဝေနေပြီး (၃)ရက်အတွင်း ဘေလ်(၅,၀၀၀)မထည့်ပါက ဆင်းကဒ်ကို ပိတ်မည်ဖြစ်ကာ တစ်လအတွင်း မှတ်ပုံတင်ဖြင့် ပြန်လျှောက်ထားရမည်ဟု ဆိုသည်။
“ကူညီသယောင်နဲ့ ငွေဖြည့်ကဒ် လာရောင်းနေတာ။ မလိမ့်တပတ်နဲ့ Mytel က။ ထီးလေးတွေနဲ့ လှတပတလုပ်ထားပြီး ဆင်းကဒ်တွေ အခမဲ့ ပေးနေတာ။ ဘေလ် ၅,၀၀၀ ဝယ်မှ ဆင်းကဒ်ထုတ်ပေးတာ။ မြန်မာလူမျိုးတွေကလည်း ဘာဖြစ်ဖြစ် အလကားရရင် ယူကြတာလေ။”ဟု မန္တလေးဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၅ခုနှစ် ဧပြီလ (၂)ရက်နေ့တွင် ပြောသည်။
ငလျင်လှုပ်ခတ်သည့်နေ့က ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သော်လည်း လက်ရှိတွင် ဖုန်းလိုင်းများအားလုံး ပြန်လည်ရရှိနေပြီဟု သိရသည်။
စစ်ကောင်စီအတွက် စောင့်ကြည့်ရေးဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလုပ်ဆောင်နေ၍ Mytel ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း Mytel ဆက်သွယ်ရေးကုမ္ပဏီကို ပြည်သူလူထုက သပိတ်မှောက်ဆန့်ကျင်မှုများ ရှိခဲ့သည်။
Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီနှင့် Star High ကုမ္ပဏီတို့က(၅၁)ရာခိုင်နှုန်း၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettle ကုမ္ပဏီက (၄၉)ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
#TachileikNewsAgency