ငလျင်ဒဏ်သင့်ပြည်သူများကို ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကိုစိတ်ဓာတ်အပြည့်ဖြင့် အမြန်ဆုံး ထောက်ပံ့ကူညီပေးမည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။
ငလျင်ဒဏ်သင့်ပြည်သူလူထုအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်းညီအစ်ကို စိတ်ဓာတ်အပြည့်ဖြင့် အသိပေးထုတ်ပြန်သည်ဟု ဖော်ပြသည်။
ထို့အပြင် သဘာဝဘေးဒဏ်ကြောင့် ပြည်သူလူထုများ အသက်အိုးအိမ်စည်းစိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ညီနောက်မဟာမိတ်(၃)ဖွဲ့အနေဖြင့် ကာယကံရှင်မိသားစုများ ဆွေမျိုးများနှင့်ထပ်တူ ဝမ်းနည်းရပြီး များစွာစိတ်မကောင်းဖြစ်ရသည်ဟုလည်း ဆိုသည်။
မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းနှင့် မန္တလေးမြို့များအနီးဗဟိုပြု၍ အင်အား ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ငယ်များအကြိမ်ပေါင်းများစွာ လှုပ်ခတ်ခဲ့သည်။
အဆိုပါငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်အပါအဝင် နေရာဒေသများတွင် ပြည်သူလူထု၏ အသက်အိုးအိမ်ထိခိုက်ပျက်စီးမှု၊ ဘုရားကျောင်းကန်စေတီပုထိုးများ၊ ဗလီများအပါအဝင် သာသနိကအဆောက်အဦးများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ဟိုတယ်များ၊ စာသင်ကျောင်းနှင့် ဆေးရုံများပျက်စီးခဲ့ရခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:3 Brotherhood Alliance