မန္တလေးတိုင်း သဲတောမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် (၁၁)ဦး သေဆုံးပြီး ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် သင်္ဂြိလ်သည်ဟု သိရသည်။
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် အင်အားပြင်းငလျင်လှုတ်ခတ်မှုကြောင့် သဲတောမြို့တွင် နေအိမ်(၁၅)လုံးနီးပါး ပြိုကျသွားပြီး ပရဟိတသမားတစ် ဦးအပါ (၁၁)ဦး သေဆုံးသွားခြင်းဖြစ်သည်။
“ဝမ်းတွင်းဘက်မှာတော့ စာရင်းမရသေးဘူး။ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေတယ်။ သဲတော့မှာတော့ သေဆုံးသူ (၁၁) ဦးရှိတယ်။ ဒါအကုန်ပဲ။”ဟု ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
အင်အားပြင်းငလျင် လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။
စစ်ကောင်စီ၏ ယနေ့နေ့လယ်ပိုင်းထုတ်ပြန်သောစာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့် ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ(၃၀)ဦးရှိသည်ဟု ဖော်ပြသည်။
#TachileikNewsAgency